အူဘာကို ဖုန်းဆက်တဲ့ တော့ဒ်ဘိုလေ၊ ကြေးအမြင့်ဆုံး နည်းပြ ဖြစ်လာတဲ့ ပေါ်တာ၊ ထရိန်နင် စတင်ခြင်းနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီး အသင်းရဲ့ ဒီတပတ် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ပွဲ ရွှေ့ဆိုင်းခဲ့ရပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့ ရက်ဘူး ဆဲဘက်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲအတွက် နည်းပြ ပေါ်တာက ချဲလ်ဆီး အသင်းသားတွေကို ကော့ဘ်ဟမ်း ထရိန်နင်မှာ စုစည်း လေ့ကျင့် ပေးနေပြီ ဖြစ်ပါတယ်။

နည်းပြ ပေါ်တာဟာ ချဲလ်ဆီး အသင်းမှ စီနီယာ ကစားသမားတွေကို တစ်ဦးချင်း ခေါ်တွေ့ပြီး ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ် လို့ သိရပါတယ်။ ပေါ်တာက အဝတ်လဲခန်းအတွင်း ကစားသမားတွေ စုစည်းညီညွတ်မှု ရှိအောင် ဦးဆောင်ဖို့ အဓိက လုပ်ငန်းစဉ် အဖြစ် သတ်မှတ်ထားပါတယ်။

ချဲလ်ဆီးက ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ဘရိုက်တန်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၅သန်း ဝန်းကျင် ပေးချေခဲ့ရပြီး အဆိုပါ စာချုပ်ဖျက်သိမ်းကြေးကြောင့်ပဲ ဂရေဟမ် ပေါ်တာဟာ ဘောလုံးသမိုင်း တလျှောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး နည်းပြအဖြစ် မှတ်တမ်း ဝင်သွားခဲ့ကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာ အသက် ၄၈ နှစ်အရွယ် အင်္ဂလန်သားနည်းပြ ဂရေဟမ်ပေါ်တာကို ၅ နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပါတယ်။ သူ့ကို ခေါ်ယူနိုင်ဖို့ ချယ်ဆီးအသင်းက ဘရိုက်တန်အသင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၆ သန်း ပေးခဲ့သလို ဘရိုက်တန်မှ နည်းပြအဖွဲ့ဝင် ၅ ဦးကိုပါ ခေါ်ယူပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်း နည်းပြ အပြောင်းအလဲကြောင့် တိုက်စစ်မှုး လူကာကူက အင်တာနဲ့ အငှားစာချုပ်ပြည့်ချိန်မှာ အင်တာကို အပြီးသတ် ပြောင်းရွှေ့ဖို့ထက် ချယ်လ်ဆီးအသင်းဆီကိုလည်း ပြန်သွားရနိုင်ခြေပါ ရှိနေတယ်လို့ အင်တာမီလန် ဒါရိုက်တာ ဂူဆက် ပီမာရော့တာက မှတ်ချက်ပြုသွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလေ ဟာ နည်းပြ တူချယ်ကို ရာထူးကနေ ထုတ်ပယ်အပြီးမှာပဲ တိုက်စစ်မှူးသစ် အူဘာမီယန်း ကို အနာဂတ်နဲ့ ပတ်သက်ပြီး အာမခံပေးဖို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းဟာ ဒေါ့မွန်တုန်းက လက်တွဲဖူးတဲ့ ဆရာဟောင်း တူချယ်ကြောင့် အသင်းဟောင်း အာဆင်နယ်ရဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး သူ တစ်ပွဲသာ ကစားရသေးချိန်မှာ ဂျာမန်သား နည်းပြက ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဟာ လာမယ့် ဇန်နဝါရီ မတိုင်ခင် မှာ ဘောလုံး ဒါရိုက်တာသစ် တယောက်ကို ခန့်အပ် နိုင်ဖို့ စတင် လုပ်ဆောင် နေပြီလို့ သိရပါတယ်။