စပါးပွဲမှာ ဆိုးရှားဘက်က ပြိုင်ဘက် ၁၉ သင်းလုံး အားပေးနေပါတယ်လို့ ပေါလ်မာဆန် ပြော
မန်ယူနိုက်တက်ရဲ့ ပြိုင်ဘက်တွေဟာဆိုရင် အိုးထရက်ဖို့ဒ်မှာ အိုလီဂန်နာ ဆိုးရှား ဆက်ရှိနေစေဖို့အတွက် စပါးနဲ့ပွဲကို သူတို့တွေ အနိုင်ရဖို့ မျှော်လင့်နေလိမ့်မယ်လို့ ပေါလ်မာဆန်က စကိုင်းစပေါ့ကနေ ပြောဆိုခဲ့ပါတယ်။
လီဗာပူးကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ပထမဆုံးပွဲက စပါးနဲ့ အဝေးကွင်းပွဲဖြစ်ပြီး သူတို့ရဲ့ နည်းပြ ရရှိနေတဲ့ ဖိအားတွေ လျော့ပါးစေဖို့အတွက် အနိုင် ၃ မှတ်ရဖို့ မဖြစ်မနေ လိုအပ်နေတာပါ။
ဆိုးရှားအနေနဲ့ သူ့အလုပ်ကို ကာကွယ်ဖို့ လိုအပ်တဲ့ နိုင်ပွဲကို ရရှိလိမ့်မယ်လို့ မာဆန်က ခန့်မှန်းထားပြီး ပြိုင်ဘက်အသင်းတွေကလည်း ယူနိုက်တက် နိုင်ပါစေလို့ ဆုတောင်းနေမယ့်အကြောင်း ပေါလ်မာဆန်က ပြောဆိုခဲ့ပါတယ်။
ဂန်းနားဟောင်းကြီး ပြောရာမှာ ” ဆိုးရှားဆက်နေရှိနေဖို့အတွက် ပြိုင်ဘက်တွေက မန်ယူနိုင်တက်ကို အနိုင်ရစေချင်တယ်။ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ လက်စတာ အပါအဝင် ထိပ်ဆုံးလေးနေရာနဲ့ ဥရောပက ပြိုင်ဘက်အားလုံးက ယူနိုက်တက်ကို စပါးနဲ့ပွဲမှာ အနိုင်ရစေချင်မှာပါ။

ယူနိုက်တက် အနိုင်ရမှ ဆိုးရှား ဆက်ရှိနေမှာမို့လို့ ပြိုင်ဘက်တွေက နိုင်စေချင်နေတာ။ တူချယ် ရောက်လာပြီးနောက်ပိုင်း ချယ်ဆီးကိုပဲ ကြည့်လိုက်။ သူတို့တွေ ချန်ပီယံလိဂ်ဖလား ရခဲ့ပြီး အခု ဖလားရဖို့ ရေပန်းစားနေပြီ။ မန်နေဂျာသစ် တစ်ယောက်က အဲ့ဒီ့လောက် အကျိုးသက်ရောက်မှု ရှိပါတယ်။
စပါးနဲ့ပွဲက ယူနိုက်တက်အတွက် မဖြစ်မနေ အနိုင်ရဖို့ လိုလားဆိုတာ ကျွန်တော် မသေချာဘူး။ အနိုင်ရတယ်ဆိုရင် ကလပ်က ရာထူးကို စွန့်လွှတ်ရဖို့ အန္တရာယ်ရှိနေတဲ့ နည်းပြကို ဆက်ထိန်းသိမ်းထားမယ်။
ဘာတွေဖြစ်မလဲဆိုတာ မင်းတို့သိပါတယ်။ ယူနိုက်တက်က စပါးကို အနိုင်ရမယ်။ အရာအားလုံးက နောက်တစ်ပတ်လောက်အထိ အဆင်ပြေပြေ ဖြစ်သွားမယ်။ အဲ့ဒီ့နောက် အတ္တလန္တာနဲ့ပွဲမှာ ရလဒ်ကောင်း ရချင်ရသွားနိုင်တယ်။ ပြီးရင်တော့ မန်စီးတီးကို ရှုံးမှာပဲ။
ယူနိုက်တက်က ဒီလိုနဲ့ပဲ သံသရာ လည်နေတာပါ။ ဒါက မန်ချက်စတာ ယူနိုက်တက်အသင်းပါ။ လိဂ်မှာ အောင်မြင်ရမယ့်အသင်း။ အဆင့် ၂ လောက် ရရုံနဲ့ မလုံလောက်ပါဘူး။ ဒုတိယဆိုတာ သူတို့အတွက် ကောင်းတဲ့အရာ မဟုတ်ပါဘူး ” လို့ သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။