ရပ်ရှ်ဖို့ဒ် ဒီရာသီ အနည်းဆုံး ဂိုး ၂ဝ သွင်းမယ်လို့ မန်ယူနိုက်တက် နည်းပြ တန်ဟက်ဂ် ယုံကြည် အားထားနေ
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်ကတော့ တိုက်စစ်မှုး မားကပ်စ် ရပ်ရှ်ဖို့ဒ်အနေနဲ့ ဒီနှစ် ဘောလုံးရာသီအတွင်း ဂိုး(၂၀)လောက် အလွယ်တကူ သွင်းယူနိုင်မယ် လို့ ယုံကြည်နေပါတယ်။
ဒါ့အပြင် ရပ်ရှ်ဖို့ဒ်က အသင်းကိုလည်း အမှတ်ပေးချန်ပီယံလမ်းကြောင်းမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကို ဖိအားပေးနိုင်ဖို့ အတွက် အကူအညီ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ရပ်ရှ်ဖို့ဒ် ဟာ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ လုပ်အားနှုန်း လျော့တိလျော့ရဲ ဖြစ်နေမှုတွေကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူပါ။ ဒါပေမယ့် ဒီရာသီ နည်းပြတန်ဟက်ဂ်နဲ့ ပူးပေါင်းလိုက်ချိန်မှာတော့ အကောင်းဆုံးပုံစံတွေ ပြန်လည် ရရှိလာခဲ့သလို သူ့ကို တောင်ပံတိုက်စစ်ထက် အထောင်တိုက်စစ်နေရာမှာ အသုံးပြုလာရမှာ ရပ်ရှ်ဖို့ဒ်က ပိုမိုတောက်ပလာခဲ့ပါတယ်။

သူ့ကို တန်ဟက်ဂ်က ဒီရာသီအတွင်း ဂိုးတွေ ပိုသွင်းလာနိုင်မယ်လို့ ယုံကြည်နေသလို ယူနိုက်တက် ကစားသမားတွေ ကပါ တိုက်စစ်မှာ ခရစ္စတီယာနိုရော်နယ်လ်ဒို ကစားတာထက် ရပ်ရှ်ဖို့ဒ် ကစားတာက အတွက် ပိုပြီး ကောင်းမွန်စေတယ်လို့ပါ ယုံကြည်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။
“နည်းပြတန်ဟက်ဂ်က မားကပ်စ်ကို အသင်းရဲ့ နံပါတ်တစ် တိုက်စစ်မှူးတစ်ဦး ဖြစ်စေချင်နေပြီး တိုက်စစ်ကို ဦးဆောင်တဲ့သူ ဖြစ်စေချင်နေပါတယ်။ တန်ဟက်ဂ်က မားကပ်စ်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာဖို့ အရည်အချင်းရှိသူလို့ ယုံကြည်နေပြီး ပွဲတွေတိုင်းမှာလည်း သူက ဘယ်လို ကစားသမားလဲဆိုတာကိုပါ ဖော်ပြစေချင်နေပါတယ်။
အခွင့်အရေးရလာတဲ့အခါ သူရဲ့မြန်နှုန်းတွေနဲ့ စွမ်းအားတွေကို အသုံးချဖို့ အမြဲပြောလေ့ရှိပါတယ်။ နောက်ပြီး တန်ဟက်ဂ်က ရပ်ရှ်ဖို့ဒ် ဒီရာသီမှာ ဂိုး(၂၀)ကို လွယ်လွယ်ကူကူ သွင်းယူနိုင်လိမ့မယ်လို့လည်း ပြောခဲ့ပါသေးတယ်။
သူတို့နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေပြီး မားကပ်စ်လည်း တကယ်ကို ပျော်ရွှင်နေပါတယ်။ အသင်းက အာဆင်နယ်ကို အနိုင်ရချိန်မှာလည်း တန်ဟက်ဂ်က ဒါမှ တကယ့် ယူနိုက်တက်အသင်း ငါတို့ကမှ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသင့်တာလို့ ကစားသမားတွေကို ကြုံးဝါးပြောဆိုခဲ့တယ်။
ဒီလို ပြောဆိုမှုက သူတို့ရဲ့ ချန်ပီယံဆုအတွက် တစ်ခုတည်းသော ခြိမ်းခြောက်မှုက မန်စီးတီးပဲလို့ ခံစားလာရစေပြီး သူတို့သာ ခြေချော်ခဲ့မယ်ဆိုရင် ဒီခြေချော်မှုကို အခွင့်အရေး ယူနိုင်လိမ့်မယ်လို့ ယုံကြည်လာစေတယ်” လို့ ယူနိုက်တက် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် အဆိုအရ သိရပါတယ်။