သက်တမ်းတိုး ကမ်းလှမ်းမှု ငြင်းတဲ့ ကန်တေ၊ တူချယ် နှုတ်ဆက် စကားနဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းများ စုစည်းမှု
ချဲလ်ဆီး ကွင်းလယ်သမား အန်ဂိုလို ကန်တေက အသင်းရဲ့ သက်တမ်းတိုး စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တယ် လို့ သိရပါတယ်။ ပြင်သစ်သားဟာ ချဲလ်ဆီး က ၂နှစ် + ထပ်တိုးခွင့် တစ်နှစ်နဲ့ ကမ်းလှမ်းတဲ့ စာချုပ် သက်တမ်း နည်းလွန်းတာကို သဘောမကျ ဖြစ်နေခဲ့တာပါ။
ချဲလ်ဆီး ဟာ ကန်တေနဲ့ အသက်အရွယ်တူ ဖြစ်တဲ့ ကူလီဘာလေကို ၄နှစ် စာချုပ်နဲ့ ပြီးခဲ့တဲ့ လကမှ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှုးသစ် အူဘာမီးယန်း ကလည်း ကန်တေထက် အသက် ၂နှစ် ကြီးသူ ဖြစ်သည့်တိုင် ချဲလ်ဆီးက ၃ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ တူချယ်ကတော့ သူ့အနေနဲ့ ဒီထုတ်ပယ်ခံရမှုကြောင့် စိတ်ထိခိုက်ခဲ့ရကြောင်းနဲ့ သူ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်ကာလမှာ အားပေးခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်တွေကို ကျေးဇူးတင်ကြောင်း လူမှုကွန်ယက် ကနေ ရေးသားပြောဆိုသွားခဲ့ပါတယ်။

တူချယ် က ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်းမှာ ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား၁လုံး၊ကမ္ဘာ့ကလပ်ဖလား ၁လုံး ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီ ပိုင်ရှင်သစ် တော့ဒ်ဘိုလေ ရောက်လာပြီးတဲ့နောက် သူ့စိတ်ကြိုက် ပြောင်းလဲမှုတွေ လုပ်ဖို့ တူချယ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ပီအက်ဂျီ တိုက်စစ်မှုး နေမာဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး နောက်ခံလူ ၄ ဦးကို ရွေးထုတ်ခဲ့ရာ ချဲလ်ဆီး ခံစစ်သမား ရူဒီဂါ ပါဝင်နေပါတယ်။