ဒီနှစ် ချန်ပီယံလိဂ် ဖလားကို ဘာစီလိုနာ ယူလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ပြိုင်ဘက် ကစားသမားဟောင်း
ဒီရာသီ ဥရောပ ချန်ပီယံလိဂ် ဖလားကို ဘာစီလိုနာ အသင်းက ရယူသွားလိမ့်မယ်လို့ စပါးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်တဲ့ ဗန်ဒါဗတ် က အံ့အားသင့်ဖွယ် ဟောကိန်း ထုတ်သွားပါတယ်။
ဗန်ဒါဗတ်က သတင်းဌာန တခုနဲ့ ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေ ပြုလုပ်ခဲ့ရာမှာ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအား ဗိုလ်စွဲနိုင်ချေနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
ဗန်ဒါဗတ်က – “ဘာစီလိုနာက ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ဆုဖလားကို အရ ယူသွားနိုင်ပါလိမ့်မယ်။ ကျွန်တော်က အဲ့ဒီလို ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ဘာစီလိုနာက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ၊ မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှုတွေကြောင့် အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရပေမယ့် ယခုနှစ် နွေဈေးကွက် အတွင်းမှာတော့ သူတို့အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေဟာ အတော်လေးကို အားရစရာ ကောင်းခဲ့ပါတယ်။
ဘာစီလိုနာက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားတွေ ဖြစ်တဲ့ လီဝမ်ဒေါစကီး၊ ရာဖင်ဟာ၊ ခွန်ဒေ၊ ကတ်ဆီး၊ ခရစ်တန်ဆန်၊ ဘယ်လာရင်နဲ့ အလွန်ဆိုတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာကြောင့် သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ အတော်လေးကို တောင့်တင်းသွားခဲ့ပါတယ်။
ဒါ့အပြင် အသင်းနည်းပြ ဇာဗီရဲ့ နည်းစနစ်ပိုင်း ပါးနပ်မှုကြောင့် ဘာစီလိုနာဟာ ယခုနှစ်ရာသီမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ဆိုသလို ရရှိနေပါတယ်။
ဘာစီလိုနာက ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၆ပွဲ ကစားထားရာ ၅ပွဲနိုင် ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကို ရရှိထားပြီး အဆိုပါ ၆ပွဲမှာ သွင်းဂိုး ၂၀ဂိုး အထိ ရထားသလို ပေးဂိုးကလည်း ၂ဂိုးသာ ရှိခဲ့ကာ ဘာစီလိုနာရဲ့ အဆိုပါ ခြေစွမ်း ကောင်းတွေကြောင့်ပဲ ဗန်ဒါဗတ်က ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ချန်ပီယံဟာ ဘာစီလိုနာပဲ ဖြစ်သွားလိမ့်မယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။