တော့ဒ်ဘိုလေကို လှောင်လိုက်တဲ့ ဖာဒီနန်၊ ကန်တေ စာချုပ်သစ်၊ တူချယ်အတွက် စိတ်မကောင်းတဲ့ ဂျီရူနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

ချဲလ်ဆီး အသင်း ကွင်းလယ်ကစားသမား ကန်တေကတော့ အသင်းမှ ကမ်းလှမ်းထားတဲ့ ၂ နှစ် သက်တမ်းတိုး စာချုပ် အပေါ် ကျေနပ်မှု မရှိပဲ အကယ်၍ ကာလရှည် စာချုပ် မချုပ်ဆိုပေးဘူးဆိုပါက လာမယ့်နွေ အသင်းမှ အလွတ် ထွက်ခွါသွားဖို့ ပြင်ဆင်ထားကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ဂိုးသမားကိုပါ ရှေ့တက်ကစားစေချင်တဲ့ တော့ဒ်ဘိုလီရဲ့ ရူးလောက်စရာ ထင်မြင်ချက် အပေါ် ဟားတိုက်သွားခဲ့ပြီး သက်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်တွေကို ယုံကြည်ရမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်ကတော့ ဂရေဟမ် ပေါ်တာဟာ အရည်အချင်းရှိတဲ့ နည်းပြကောင်း တဦး ဖြစ်ပေမယ့် ချဲလ်ဆီး ကစားသမားတွေရဲ့ မာန ထောင်လွှားမှုကို အံတုနိုင်မှု ရှိမရှိ စိုးရိမ်ရမှာ ဖြစ်သလို ဒါဟာ ကလပ် အတွက်လည်း ဥရောပ အတွေ့အကြုံ မရှိတဲ့ နည်းပြ တဦးကို နှစ်ရှည်စာချုပ်ပေးခဲ့ခြင်းက လောင်းကစားဆန်ကြောင်း သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းဘယ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ပေါလ် မာဆင် က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အဲရစ် တန်ဟတ် ထက် ချဲလ်ဆီး တို့ ခေါ်ယူလိုက်တဲ့ ဂရေဟမ် ပေါ်တာကို ဦးစားပေး အဖြစ် ခေါ်ယူခဲ့သင့်ကြောင်း နောက်တစ်ကြိမ် ပြောခဲ့လိုက်ပါတယ်။

နည်းပြသစ် ဂရေဟမ် ပေါ်တာကတော့ ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေများစွာ ရယူသွားဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကနေတဆင့် ပရိသတ်တွေဆီကို သတင်းပါးခဲ့ပါတယ်။

တိုက်စစ်မှုးဟောင်း ဂျီရူး က တူချယ် နဲ့ ချဲလ်ဆီး လမ်းခွဲလိုက်တဲ့ အပေါ် ” ဒါက ဘောလုံး ရဲ့ တစ်စိတ်တစ်ပိုင်း ပါပဲ၊ စိတ်မကောင်း စရာပါ၊ တူချယ် က ချဲလ်ဆီး အတွက် ကောင်းမွန်တဲ့ အရာတွေ အများကြီး လုပ်ဆောင် ပေးခဲ့သူလည်း ဖြစ်ပါတယ် ။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။