ဂိုးတောင် မသွင်းနိုင်ခဲ့ဘဲ ဘိုင်ယန်ကို ၂-ဝ နဲ့ ရှုံးခဲ့ပေမယ့် ဘာစီလိုနာက ပိုကောင်းတယ် ဆိုတဲ့ နည်းပြ ဇာဗီ

ဘာစီလိုနာကတော့ ညက ချန်ပီယံလိဂ် အုပ်စုပွဲကို အလိုင်းယင့်အရီနာကွင်းမှာ သွားရောက်ပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင် ကစားခဲ့ကာ ၂-ဝ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာ အနေနဲ့လည်း ဘိုင်ယန်ကို မနိုင်ဖူးသေးတဲ့ မှတ်တမ်း ဆက်လက် ထိန်းသွားခဲ့တာပါ။

ဘာစီလိုနာနည်းပြဇာဗီကတော့ သူတို့အသင်းက ပိုကောင်းခဲ့ပြီး အနိုင်ရခဲ့သင့်တာလို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် ၃ ဂိုးနဲ့အထက်သွင်းယူထားတဲ့ ဘာကာတို့ တာ့ ဂိုးတောင်မရခဲ့ဘဲ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပေမယ့် ဇာဗီကတော့ သူ့အသင်းက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ ခံစားနေရပါတယ်။

တိုက်စစ်မှုး လီဝန်ဒေါစကီးရဲ့ အပိုင်ကန်ချက်က ဘားတန်းကျော်သွားတာ၊ ဂါဗီရဲ့ကန်ချက်တိုင်ထိထွက်ခဲ့တာ၊ ရာဖင်ဟာရဲ့ ဧရိယာထိပ်က ကန်ချက်ကလည်း ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့တာတွေက ဘာကာအတွက် နစ်နာခဲ့ရပါတယ်။

နည်းပြ ဇာဗီပြောသလို ဘာစီလိုနာ ကစားပုံကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ ဘိုင်ယန်က ပိုကောင်းခဲ့ပြီး အခွင့်အရေး ရချိန်မှာ မလွတ်တမ်းအသုံးချပြီး နိုင်ပွဲယူသွားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့က ဒီထက်မကထိုက်တန်တယ်ဗျာ၊ ကျနော်တို့ကစားပုံ၊ ကျနော့်အမြင်မှာတော့ ဘိုင်ယန်ထက်တောင် ကျနော်တို့ ပိုကောင်းခဲ့တာပါ၊ အထူးသဖြင့် ပထမပိုင်းမှာပေါ့၊ ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်၊ သူတို့နဲ့ ကျနော်တို့ကြားမှာ ကွာခြားခဲ့တာကတော့ သူတို့က ဂိုးပေါက်ရှေ့မှာ အခွင့်အရေးတွေကို မဖြုန်းတီးပစ်ခဲ့တာပါပဲ”

“ရလဒ်က ပွဲအခြေအနေတခုလုံးကိုတော့ ထင်ဟပ်မနေပါဘူး၊ ဒါပေမယ့် ဒါက ချန်ပီယံလိဂ်ပါ၊ ခင်ဗျားက အခွင့်အရေးတွေ လွဲချော်ခဲ့မယ်ဆိုရင်တော့ အဲဒီအတွက် အဆုံးမှာ ပေးဆပ်ရမှာပဲ၊ ကျနော်တို့ အဲဒီလိုဖြစ်ခဲ့ပါတယ်၊ ဒီရှုံးပွဲက ကျနော်တို့ကို နောက်ပြန်ဆုတ်သွားစေခဲ့ပါတယ်” လို့ ဇာဗီက ဆိုခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ ဘိုင်ယန်က အုပ်စုအတွင်းမှာ ၂ ပွဲဆက်အနိုင်နဲ့ ဦးဆောင်နေပြီး ဘာကာနဲ့ အင်တာက တပွဲစီ အနိုင်ရကာ အပြိုင်ဖြစ်နေပြီး ပယ်လ်ဇန်ကတော့ ၂ပွဲစလုံးရှုံးကာ အုပ်စုအောက်ဆုံးကိုရောက်နေပါတယ်။ နောက် တဆင့်အတွက် ဘာကာနဲ့ အင်တာတို့ ပြိုင်ဆိုင်ရဖွယ်ရှိနေကာ လာမယ့်ပွဲစဉ် ၃ မှာ ရင်ဆိုင်ရမယ့်ပွဲက အရေး ပါနေပြီ ဖြစ်ပါတယ်။