ဘောလုံးလောကရဲ့ ခေတ်သစ် ကြယ်ပွင့်နှစ်ဦးကြောင့် မက်ဆီ၊ ရော်နယ်ဒိုခေတ် ကုန်သွားတော့မယ် လို့ ပိုယတ် ဟောကိန်းထုတ်

ချဲလ်ဆီး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂတ်စ် ပိုယတ် က ဘောလုံးပရိသတ်တွေဟာ မကြာခင်မှာ မက်ဆီ ၊ ရော်နယ်ဒို တို့ကို မေ့ပြီး PSG ကြယ်ပွင့် ကိုင်လီယံ အမ်ဘာပေ နဲ့ မန်စီးတီး ကြယ်ပွင့် အားလင်း ဟားလန်း တို့ဆီ အာရုံရောက်သွားလိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့လိုက်ပါတယ်။

” အခု ဟာလန်း နဲ့ အမ်ဘာပေ တို့ တောက်ပ နေကြပါပြီ။ ဒီလိုသာဆိုရင် နောက် နှစ် အနည်းငယ်မှာပဲ လူတွေဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို မေ့ပျောက်သွားကြပါလိမ့်မယ်။ သူတို့တွေဟာ ပွဲစဉ်တွေအပေါ် အတော်ကြီး လွှမ်းမိုးနိုင်ခဲ့ကြပါပြီ။ ဒါဟာ ရူးသွပ်ဖွယ်ပါပဲ ”

” လက်ရှိ အချိန်မှာ ဘန်ဇီးမားဟာ ထိပ်တန်း အကျဆုံး တိုက်စစ်မှူးပဲလို့ ကျွန်တော်တို့ ပြောဆိုဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ် ကတော့ ဟာလန်း လို တိုက်စစ်မှူးမျိုး ပိုင်ဆိုင်ထားတဲ့အတွက် ကြည်နူး ဝမ်းမြောက်နေမှာ အသေအချာပါပဲ ” လို့ ပိုယတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

ဂတ်စ် ပိုယတ် က မျိုးဆက်သစ် ကစားသမားတွေကြောင့် PSG တိုက်စစ်မှူး မက်ဆီနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒို တို့ကို မကြာခင်မှာပဲ လူတွေ မေ့ပျောက် သွားကြလိမ့်မယ်လို့ ယုံကြည်နေတာပါ။

မက်ဆီ နဲ့ ရော်နယ်ဒို ဆိုတာက ၂၁ ရာစုရဲ့ အခမ်းနားဆုံး ဘောလုံးသမား နှစ်ဦးအဖြစ် ရပ်တည်နေခဲ့ကြတာ နှစ်20 ဝန်းကျင် ရှိနေခဲ့ပါပြီ ။ အဆိုပါ ကာလ အတွင်းမှာ သူတို့တွေဟာ ဆုဖလား အောင်မြင်မှုတွေ တကိုယ်တော် အောင်မြင်မှုတွေ အများကြီး ရယူထားနိုင်ခဲ့ကြပါတယ်။

အဲ့ဒီထဲမှာတော့ သူတို့ နှစ်ဦးပေါင်း ချန်ပီယံလိဂ် ဖလားကို 9 ကြိမ် အထိ ရယူထားနိုင်ခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်တဲ့ Ballon D’ Or ဆုကို 12 ကြိမ် အထိ ပူးပေါင်း ဆွတ်ခူးထားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ သူတို့ရဲ့ ခြေစွမ်းတွေဟာ အသက်အရွယ် ရရှိလာမှုနဲ့ အတူ တစ်စထက်တစ်စ ကျဆင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အခြားတဖက်မှာတော့ ခြေစွမ်းကောင်း ပြသနေခဲ့တဲ့ လူငယ် ကစားသမား အချို့လည်း ပေါ်ထွန်းလာခဲ့ကြပါတယ်။