စတာလင် မှတ်တမ်းကောင်း၊ စီးတီးလို လုပ်ချင်တဲ့ တော့ဒ်ဘိုလေ၊ ပြင်ရမယ့် ကစားသမား၂ဦးနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီး အသင်းဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ပွဲဦးထွက် အဖြစ် ညက စတန်းဖို့ဘရစ်ချ်မှာ ဆဲလ်ဘတ်ကို ချန်ပီယံလိဂ် အုပ်စုပွဲ ဧည့်ခံ ကစားခဲ့ရာ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။
ထိုပွဲမှာ ချဲလ်ဆီး အတွက် စတာလင် က ဂိုးသွင်း ပေးခဲ့ပြီး မတူညီတဲ့ အင်္ဂလိပ် ကလပ် ၃ သင်း (လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီး) နဲ့ ချန်ပီယံလိဂ် မှာ ဂိုးသွင်း နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှုးဟောင်း ပီတာခရော့ချ်ကတော့ ညကပွဲမှာ အူဘာမီးယန်းနဲ့ ဇီယက်ချ်တို့ကို ကြည့်ရတာ ယုံကြည်မှုတွေ ပျောက်ဆုံးနေပုံရပြီး နည်းပြ ပေါ်တာ အနေနဲ့ ဒါကို ဖြေရှင်းရလိမ့်မယ် လို့ ပွဲအပြီးမှာ ထောက်ပြ သွားခဲ့ပါတယ်။
ခရော့ချ်ရဲ့ အဆိုကို ချဲလ်ဆီး ကွင်းလယ်ဟောင်း ဂျိုကိုးလ်ကလည်း ထောက်ခံလိုက်ပြီး သူ့အမြင်မှာ ဘရိုဂျာနဲ့ ပူလီဆစ် တို့လည်း အကောင်းဆုံး အနေအထားမှာ မရှိဘဲ ကျဆင်းနေတယ်လို့ ဝင်ရောက် သုံးသပ်ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီး အသင်းပိုင်ရှင်တွေက စီးတီးဘောလုံးအဖွဲ့နဲ့ ရတ်ဘူးဘောလုံးအဖွဲ့ပုံစံ ကလပ်အစုအဖွဲ့ တစ်ခုကို တည်ထောင်ဖို့ အတွက် ဗြိတိန်ပြင်ပမှာ နောက်ထပ် ကလပ် တစ်သင်းကို ဝယ်ယူလိုနေတယ်။ ဒီအတွက် ပေါ်တူဂီကလပ် တစ်သင်းကို ဝယ်ယူဖို့အတွက် စကားပြောနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေ က သူ ဟာ ပရီးမီးယားလိဂ် ကို အမေရိက က ပုံစံမျိုး ဖြစ်တဲ့ တောင်- မြောက် All-Star ပွဲစဉ်မျိုး အကောင်အထည် ပေါ်လာစေလိုတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပြီး အဆိုပါ ပြောဆိုမှု အပေါ် ပရီးမီးယားလိဂ် တင်ဆက်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒါ့အပြင် တော့ဒ်ဘိုလေက လက်ရှိ ပရီးမီးယားလိဂ် ကနေ ၃ သင်း တန်းဆင်းတဲ့ စနစ် အစား ၄ သင်းအထိ တန်းဆင်းစေတဲ့ ပုံစံမျိုးကိုလည်း တွေ့မြင်လိုကြောင်း ပြောဆို သွားခဲ့ပါတယ်။