နည်းပြ ပေါ်တာသာ ခေါ်မယ်ဆို ချဲလ်ဆီးအသင်းဆီ ပြောင်းလာမယ် လေသံပစ်လာတဲ့ ကိုင်စီဒို
ဘရိုက်တန် အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ကွင်းလယ်လူ ကိုင်စီဒိုကတော့ မကြာသေးမီကမှ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့သွားတဲ့ သူ့ရဲ့ ဆရာဖြစ်သူ နည်းပြ ပေါ်တာသာ အလိုရှိတယ်ဆို ရင် ချဲလ်ဆီးထံ ပြောင်းလာဖို့ အဆင်သင့်ပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ကိုင်စီဒိုက သူဟာ လက်ရှိမှာ ဘရိုက်တန် အတွက်သာ အာရုံစိုက်ထားပေမယ့် အကယ်၍ ချဲလ်ဆီးကသာ သူ့ကို ကမ်းလှမ်းလာရင် ငြင်းဆန်ဖို့ မရှိကြောင်းနဲ့ သူ့ရဲ့ ကစားသမား ဘဝ တိုးတက်လာမှု အတွက် ဂရေဟမ် ပေါ်တာကို ကျေးဇူးတင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားပါတယ်။
ကိုင်စီဒိုက – “ကျွန်တော်က ဂရေဟမ် ပေါ်တာကို ကျေးဇူးတင်ကြောင်း အရင်ဆုံး ပြောချင်ပါတယ်။ ချဲလ်ဆီးက ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တသင်းပါ။ ဒါကြောင့် ချဲလ်ဆီးဆီ ကနေ ကမ်းလှမ်းမှုသာ ရလာရင် ဘယ်သူမှ ငြင်းဆန်နိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်က ဘရိုက်တန်မှာ ပျော်ရွှင်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကိုင်စီဒိုက ဘရိုက်တန် အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ်ပါ ရရှိထားကာ သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အချိန်ခဏလေးသာ ကစားထားရသေးပေမယ့် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ကိုလံဘီယာ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုက ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကိုလံဘီယာကလပ် အင်ဒီပန်ဒီယန့် ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းဆီ စတင် ရောက်ရှိချိန်ကတည်းက အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်သူပါ။