မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်တို့ရဲ့ အဖိုးတန် နိုင်ပွဲ၊ စီးတီး လီဗာပူးတို့ ခြေချော်မှုနဲ့ နံနက်ခင်း သတင်းများ

မန်ယူနည်းပြ ဆိုးရှားကတော့ စပါးနဲ့ ပွဲအတွက် ဖောင်ဖျက် အကွက် ထုတ်သုံးသွားသလို မန်ယူ အသင်းသားတွေကလည်း တိုက်ပွဲဝင်လိုစိတ်အပြည့်၊ စုစည်းမှုအပြည့်နဲ့ အင်တိုက်အားတိုက် ကကြစားသွားခဲ့ကြပါတယ်။ မန်ယူအတွက် ၃-ဝ နဲ့ နိုင်ပွဲမှာ ဂိုးတွေကိုတော့ စီရော်နယ်ဒို၊ ကာဗာနီနဲ့ ရက်ဖို့ဒ်တို့က သွင်းပေးခဲ့ကြပါတယ်။

လီဗာပူးကတော့ ဘရိုက်တန်ကို နှစ်ဂိုးပြတ်ဦးဆောင်နေခဲ့ပြီးမှ ပေါ့ဆမှုတွေကြောင့် ချေပဂိုးနှစ်ဂိုး ပြန်ပေးခဲ့ရပြီး အိမ်ကွင်းမှာ ၂-၂ နဲ့ သရေကျသွားခဲ့ပါတယ်။

မန်စီးတီးကတော့ အိမ်ကွင်းမှာ မဖြစ်မနေ အနိုင်ကစားရမဲ့ပွဲစဉ်မှာ အမှတ်မထင် ၂-ဝနဲ့ ခြေချော်ခဲ့လို့ ရှုံးချက် နာခဲ့ရပါတယ်။ ဂွါဒီယိုလာ အားကိုးပြီး ပွဲထုတ်ခဲ့တဲ့ လာပေါ့တ်ရဲ့ခြေစွမ်းက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ရှုံးပွဲရဲ့အဓိကတရားခံ ဖြစ်ခဲ့ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးတို့ အသီးသီး အမှတ်လျှော့ခဲ့ချိန်မှာ ချဲလ်ဆီး က နယူးကာဆယ်ကို ၃-ဝ နဲ့ နိုင်ပွဲကောင်း ယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှုးတွေ မပါနိုင်ချိန် ဂျိမ်းစ်ကို တိုက်စစ် တင်ကစားသွားခဲ့တာက အလုပ်ဖြစ်ခဲ့ပြီး ရီစီဂျိမ်းစ်က ၂ဂိုးနဲ့ ဂျော်ဂျင်ဟိုက ပင်နယ်တီကနေ သွင်းခဲ့တာပါ။

လက်စတာကို ၂ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ဟီးရိုး တစ်ယောက် ဖြစ်ခဲ့တဲ့ အာဆင်နယ် ဂိုးသမား ရမ်ဒစ်ဒယ်က ပွဲရလဒ်အတွက် ပျော်ရွှင်တဲ့ အပြင် clean sheet ရတာကိုလည်း ကျေနပ်မိကြောင်း၊ ဒီတလောမှာ clean sheet တွေ ရနေကြောင်း ပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။

ကာရာဘောင်ဖလား ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များကို စနေနေ့ညနေပိုင်းက မဲခွဲခဲ့ရာ လီဗာပူးက လက်စတာနဲ့ တွေ့ဆုံနေပြီး ဘရန်ဖို့ဒ်-ချဲလ်ဆီး၊ အာဆင်နယ်-ဆန်းဒါးလန်း၊ စပါး- ဝက်စ်ဟမ်းတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

လီဗာပူးအသင်းဟာ ရီးရဲလ် တိုက်စစ်သမား လူကာဂျိုဗစ်ကို ခေါ်ဖို့ ထပ်မံ အာရုံစိုက်လာကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ နည်းပြ ယာဂင်ကလော့ပ်ဟာ ဆားဘီးယားသားကို ယခင်ကလည်း စိတ်ဝင်စားဖူးပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက အသင်းကို မက်ဆီရောက်လာတဲ့အပေါ် အလွန်ပျော်ရွှင်မိကြောင်း၊ သူတို့အနေနဲ့ ဘာစီလိုနာမှာတုန်းကလို သမိုင်းမှတ်တမ်းတွေ ရေးထိုးနိုင်ဖို့ မျှော်လင့်မိကြောင်း၊ မက်ဆီဟာ ပါရမီရှင်ဖြစ်သလို သူ့သူငယ်ချင်းလည်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အန်တိုနီယို ကွန်တီ ဟာ မန်ချက်စတာ ယူနိုက်တက်ကို ရာသီဝက်မှာ နည်းပြ အဖြစ် တာဝန်ယူမှာ မဟုတ်သလို အပြောင်းအရွှေ့ ကိစ္စတွေမှာ သူ တစ်ဦးတည်း အဓိက ဆုံးဖြတ်နိုင်တဲ့ ပါဝါ ရမှသာ မန်ချက်စတာသို့ လာချင်တယ် လို့ သိရပါတယ်။

နယူးကာဆယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်ကို ခေါ်ဖို့ စိတ်ဝင်စားလာပါတယ်။ အသက် ၃၁ နှစ် အရွယ် ဂျာမနီလက်ရွေးစင် အတွက် နယူးကာဆယ်က ယူရို သန်း ၃၀ ကမ်းလှမ်းဖို့ ရှိနေပါတယ်။