ခြေစွာနေတဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး အမှတ်ပေးဇယား ပထမနေရာကို အာဆင်နယ် ပြန် သိမ်းပိုက်

အာဆင်နယ် အသင်းကတော့ ခြေစွမ်းကောင်းနေတဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား ပထမနေရာကို ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးခဲ့ပြီး ကြားထဲမှာ ပွဲဆက်ပြတ်နေတာတွေကြောင့် အာဆင်နယ်တို့ ခြေပျက်သွားမလား စိုးရိမ်ခဲ့ကြပေမယ့် အာဆင်နယ်တို့ အမှားမရှိခဲ့ပါဘူး။

ဒီပွဲမှာ အာဆင်နယ်က ဇင်ချန်ကို၊ အိုဒီဂတ်တို့ မပါဝင်ခဲ့ဘဲ ဖေဘီယိုဗီအဲရာ၊ တီယာနေးတို့ ပါဝင်လာခဲ့ပြီး ကျန်တဲ့ နေရာတွေမှာ အပြောင်းအလဲမရှိခဲ့ပါဘူး။ ဘရန့်ဖို့ဒ်ကလည်း ကစားပုံမဆိုးဘူးပြောနိုင်ပေမယ့် အာဆင်နယ်က မှန်ကန်တဲ့ အချိန်မှာ သင့်တော်တဲ့အခွင့်အရေးတွေကို မိမိရရ အသုံးချနိုင်ခဲ့ပြီး ပွဲကို အဆုံးအဖြတ် ပေးသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အတွက် အဖွင့်ဂိုးကို ဆာလီဘာက ဆာကာရဲ့ ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျီးဆပ်စ်က ချာကာ တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူကာ အာဆင်နယ်အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

တိုက်စစ်မှုး ဂျီးဆပ်စ် က ဂိုးသွင်းပြီးချိန်မှာ ရီးရဲလ်မက်ဒရစ်က ဘရာဇီးသား ဗီနီရှပ်စ်ဘက်က ရပ်တည်ကြောင်း ကပြပြီး အောင်ပွဲခံသွားခဲ့တာက ဒီပွဲရဲ့ ပြောစရာဖြစ်ခဲ့ပါတယ်။

ထိုဂိုး နောက်ပိုင်းမှာ ဘရန့်ဖို့ဒ်ဘက်က ဖိအားပေးလာခဲ့ပေမယ့် သူတို့ရဲ့ နောက်ဆုံးဖန်တီးပေးမှုတွေက လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်ဂိုးပြတ်နဲ့ အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ အာဆင်နယ်တို့ ပွဲသိမ်းဂိုးရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ ကစားသမား ဗီအဲရာက အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးအဖြစ် ဧရိယာပြင်ပကနေ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းယူသွားခဲ့ပါတယ်။ ဗီအဲရာကတော့ ဒီပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပြီး အသင်းအတွက် လှပတဲ့ သွင်းဂိုး တဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တာက ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ကတော့ ဒီပွဲရလဒ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ် (၇) ပွဲ ကစားပြီးချိန်မှာ မန်ယူနိုက်တက်နဲ့ တပွဲတည်း သာ ရှုံးနိမ့်ထားခဲ့ပြီး ရမှတ် (၁၈) မှတ်နဲ့ နိုင်ငံတကာရက်သတ္တပတ်မလာခင်မှာ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင် ခဲ့ပါတယ်။