ဂန်းနားတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုကြသူများ၊ လိုကတ်တယ်လီ၊ ဗီအဲရာ စကားသံနဲ့ ယနေ့ အာဆင်နယ် သတင်းများ

ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဝ-၃ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့ကို ဂိုးပြတ် အနိုင်ရသွားတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတသင်း ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးကြီး အလန်ရှီးယားကတော့ အာဆင်နယ်အနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ အများကြီး တိုးတက်မှုတွေ ရှိလာပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း မရှိသေးဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်တိုက်စစ် ကစားသမားသစ် ဗီအဲရာက ဘရန့်ဖို့ဒ် ဝ-၃ အာဆင်နယ် ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို လှပတဲ့ အဝေးကန်ချက်နဲ့အတူ ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ဗီအဲရာက သူ့ရဲ့ သွင်းဂိုးဟာ လှပပေမယ့် ကံကောင်းလို့သာ ရသွားခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သလို အသင်းအတွက် ပထမဦးဆုံး သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိကြောင်း ပြောကြားလာပါတယ်။

အာဆင်နယ်အသင်းဟာ အသက် ၂၄ နှစ် အရွယ် ကွင်းလယ်ကစားသမား လိုကတ်တယ်လီ ကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားနေကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ လိုကတ်တယ်လီက ဂျူဗင်တပ်မှာ အငှား ကစားနေသူပါ။

ဆာလီဘာ က လတ်တလော အင်တာဗျူးမှာ အာဆင်နယ် နည်းပြ အာတေတာ သူ့ကို အသင်းမှာ ဆက်နေဖြစ်အောင် ဆွဲဆောင် စည်းရုံး ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ အာဆင်နယ် အသင်း ဒီရာသီ ရလဒ်ကောင်းတွေ ရရှိနေတာမှာ နောက်ခံလူ ဆာလီဘာ က အဓိက ကျတဲ့ ကစားသမား တစ်ဦးပါ။

အာဆင်နယ် အသင်းခေါင်းဆောင် ရှာကာ ကတော့ သူတို့အသင်းဟာ မနှစ်ကနဲ့ မတူတဲ့ စိတ်ဓာတ် ခိုင်မာမှုနဲ့ တိုက်စစ်မှာလည်း ပွဲ အဖြေကို ပြောင်းလဲနိုင်သူတွေ ရှိနေပြီ ဖြစ်ကြောင်း ဘရန့်ဖို့ဒ်နဲ့ ပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာကတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ နောက်ခံလူ ဘန်ဝှိုက်ကို အင်္ဂလန်လူစာရင်း ကနေ ချန်လှပ်ခဲ့မယ့် အစား ရွေးချယ်ခဲ့သင့်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် နောက်ခံလူ ဘန်ဝှိုက်က ဗဟိုနောက်ခံနေရာနဲ့ ညာနောက်ခံနေရာတွေမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ်လူ အဖြစ်ပါ ကစားနိုင်သူပါ။