မဟာပြိုင်ဘက် ရော်နယ်ဒို ကို ကျော်ဖြတ်ပြီး မှတ်တမ်းကောင်း တစ်ခု ကို ရေးထိုးလိုက်တဲ့ လီယွန်နယ် မက်ဆီ
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ တနင်္ဂနွေနေ့ညနေက လိုင်ယွန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပီအက်စ်ဂျီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟာ လက်ရှိမှာ ကစားသမားဘဝတလျှောက် ပင်နယ်တီမပါဝင်ဘဲသွင်းဂိုး ၆၇၂ ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါကြောင့် လီယွန်နယ် မက်ဆီဟာ ပင်နယ်တီ မပါဝင်တဲ့ သွင်းဂိုး သွင်းယူနိုင်မှုမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ပြီး ပွဲအရေအတွက်အားဖြင့်တော့ ၁၅၀ လျော့နည်းကစားပြီး စံချိန်သစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာကြယ်ပွင့်ဟောင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ကတော့ ပင်နယ်တီ မပါဝင်တဲ့ သွင်းဂိုး ၆၇၁ ဂိုး သွင်းယူပြီး စံချိန်ရေးထိုးထားခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့ ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူးက စံချိန်သစ် ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီမှာ ပုံမှန်ပွဲထွက်ပါဝင်ကစားခွင့်မရဘဲ စိတ်ပျက်စရာအချိန်တွေကို ရင်ဆိုင်နေရတဲ့ ရော်နယ်လ်ဒိုအတွက်ကတော့ ၎င်းရဲ့ ပြိုင်ဘက်ကို နောက်ထပ် စံချိန်တစ်ခု ပေးလိုက်ရတာကြောင့် ပိုလို့တောင် စိတ်ပျက်စရာ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
မက်ဆီဟာ ကစားသမားဘဝတလျှောက် ပြိုင်ပွဲစုံ ၈၂၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၆၈၈ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီ ဖြစ်ပြီး ၂၀၀၈-၂၀၀၉ ရာသီကနေ ၂၀၂၀-၂၀၂၁ ရာသီကြား ဘာစီလိုနာအတွက် ၁၃ ရာသီဆက်တိုက် တစ်ရာသီ သွင်းဂိုး ၃၀ နဲ့အထက် သွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီပရိသတ်တွေဟာ လီယွန်နဲ့ပွဲစဉ်က လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုးမှာ ဘာစီလိုနာကြယ်ပွင့်ဟောင်း ၂ ဦးရဲ့ ချိတ်ဆက် ကစားသွားမှုကို မြင်တွေ့ရတဲ့အပေါ်မှာ ဝမ်းသာပျော်ရွှင်ခဲ့ကြပြီး လူမှုကွန်ရက်ပေါ်မှာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။