ပေါင် သန်း ၇ဝ ကျော် တန်ချင်းတူတူ ပီပီနဲ့ သူ ဝေဖန်ခံရတာ မတူကြောင်း ဘရူနို ဖာနန်ဒက်စ် ထောက်ပြ
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဟာ သူ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ အာဆင်နယ်က ယူရိုသန်း (၈၀) ပေးပြီး ခေါ်ယူခဲ့တဲ့ နီကိုးလပ်စ်ပီပီနဲ့ နှိုင်းယှဉ် ဥပမာပေးကာ တုံ့ပြန်လာခဲ့ပါတယ်။
၂၀၂၀ ဇန်နဝါရီ မှာ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ ပေါ်တူဂီကွင်းလယ်လူဟာ ရောက်စရာသီမှာ ခြေစွမ်း အလွန်ပြခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပျောက်ဆုံးမှုကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ လက်ရှိ ရာသီမှာ ခြေစွမ်းကောင်းတွေ ပြန်ရနေပြီ ဖြစ်တဲ့ ဖာနန်ဒက်စ် က သူ့ အပေါ် ဝေဖန်မှုတွေ မမျှတကြောင်း ဖွင့်ဟလာပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ပီပီ ခြေစွမ်းမပြနိုင်တဲ့ပွဲတွေကျတော့ လူတိုင်းက ‘သူအသားကျဖို့ လိုအပ်သေးတယ်’ တဲ့”

“ဒါပေမယ့် ဘရူနိုဆိုတဲ့ ကျနော့်အလှည့်လည်းကျရော၊ ကျနော်က ကွင်းထဲမှာ တချိန်လုံးညည်းညူနေလို့ ဒါမှမဟုတ် ပွဲအပေါ် အာရုံမစိုက်လို့ဆိုပြီး ဖြစ်ပါလေရောဗျာ။ ကျနော့်အတွက်တော့ ကောင်းပါတယ်။
ဒီလိုတွေပြောကြတာက သူတို့ စိတ်ထဲမှာ ကျနော်က အဆင်သင့်ဖြစ်နေတယ်လို့ ခံစားရလို့ပေါ့။ အဲ့ဒါကြောင့်လည်း လူတွေက ကျနော့်ဆီက ဒီလောက် တောင်းဆိုနေကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။
ပီပီဟာ ပြီးခဲ့တဲ့ (၂၀၁၉) မှာ လိုင်လီကနေ အာဆင်နယ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမားက အာဆင်နယ်အတွက် ပွဲပေါင်း (၁၁၂) ပွဲမှာ (၂၇) ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နွေမှာ ပြင်သစ်ကလပ် နိုက်စ်အသင်းထံကို တရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
လက်ရှိ ဘောလုံးရာသီမှာတော့ ဘရူနို ဖာနန်ဒက်စ်က နည်းပြ တန်ဟက် ရဲ့ ဦးစားပေးကစားသမားအဖြစ်ရှိနေပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပွဲထွက်ခွင့်ရနေပါတယ်။