နည်းပြတူချယ်ကို ထုတ်တဲ့ ဘိုလီရဲ့ ဆုံးဖြတ်ချက် အပေါ် ပထမဆုံး မေးခွန်းထုတ်လာတဲ့ ချဲလ်ဆီး အသင်းသား

ချဲလ်ဆီး တိုက်စစ် ကြယ်ပွင့် ကိုင် ဟာဗတ်ဇ်ကတော့ နည်းပြ သောမတ်စ် တူချယ်ကို ထုတ်ပယ်ခဲ့တဲ့ အသင်းပိုင်ရှင် တော့ဒ် ဘိုလီရဲ့ ဆုံးဖြတ်ချက်ကို အပေါ် အံ့အားသင့်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ရိုမန် အေဘရာမိုဗစ်ချ်ရဲ့နေရာမှာ ဆက်ခံခဲ့တဲ့ အသင်းပိုင်ရှင်သစ်တွေဟာ နည်းပြ တူချယ်ကို နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ခွင့်ပြုပေးခဲ့ပြီး အသင်း ပြန်လည် တည်ဆောက်ရေး စီမံကိန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းဟာ ရာသီသစ် အစောပိုင်း ရက်သတ္တပတ်တွေအတွင်း ခြေစွမ်းပိုင်း တည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရပြီး လိဒ်စ် ယူနိုက်တက်၊ ဆောက်သမ်တန်၊ ဒိုင်နမို ဇာဂရက်တို့ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ တူချယ်ဟာ ဒိုင်နမို ဇာဂရက်ကို ရှုံးတဲ့ ပွဲ အပြီးမှာပဲ မမျှော်လင့်ထားချိန် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

နည်းပြ တူချယ် လက်အောက် ချဲလ်ဆီးအသင်းမှာ ချန်ပီယံလိဂ်နဲ့ ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ အနိုင်ရရှိစေမယ့် သွင်းဂိုးတွေကို သွင်းယူပေးခဲ့ပြီး အကောင်းဆုံးကာလတွေကို ပိုင်ဆိုင်ခဲ့တဲ့ ကိုင် ဟာဗတ်ဇ်က တူချယ် ခုလို ထွက်ခွာခဲ့ရမှုကို အံ့အားသင့် စိတ်ပျက်ခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်လည်း အံ့အားသင့်ခဲ့ရတယ်။ အထူးသဖြင့် ခင်ဗျား ကျွန်တော်တို့ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်မှာ ဘယ်လို ကစားခဲ့ပြီး ဘယ်လိုအောင်မြင်မှုတွေ ရခဲ့လဲဆိုတာကို ထည့်စဉ်းစားရင် ခင်ဗျားလည်း အံ့အားသင့်မိမှာပါ။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာက ရာသီကို တလ တင်ခဲ့တယ်လို့ ခင်ဗျား ပြောလို့မရပါဘူး”

“အထူးသဖြင့် ကျွန်တော်တို့မှာ လိုက်လျောညီထွေဖြစ်အောင် အရင်ဆုံးလုပ်ရမယ့် လူသစ်တွေ အများအပြား ရှိနေတဲ့အချိန်မှာပေါ့။ ဒါပေမယ့် ဘောလုံးက အရမ်းကို လျင်လျင်မြန်မြန် ရွေ့လျားနေပြီး အချိန်မရွေး အများကြီး ဖြစ်သွားနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ နည်းပြသစ်က ကောင်းမွန်တဲ့ ပုံစံနဲ့ စတင်နိုင်ခဲ့ပြီး ကျွန်တော်တို့မှာလည်း အရမ်း ကောင်းတဲ့ လူစာရင်း ရှိပါတယ်။ ကျွန်တော်တို့က အချိန်ကောင်းအတွက် ရှိနေကြတာလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။