နည်းပြ တန်ဟက် ပထမဆုံး ရောင်းထုတ်ဖွယ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက် ဟာ မန်ချက်စတာ ကလပ်ကနေ ပထမဆံုံး သူ ကစားသမား ရောင်းချမှု အနေနဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ရောင်းချဖွယ် ရှိနေကြောင်း သရဲနီဟောင်း ရီယို ဖာဒီနန်က သုံးသပ်သွားပါတယ်။

ခြေစွမ်း ကျဆင်းမှုတွေကြောင့် ဟယ်ရီ မက်ဂွိုင်းယားရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝဟာ မကြာခင်မှာ အဆုံးသတ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိလာပြီး ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူလည်းဖြစ် ယခုချိန်အထိ အသင်းနဲ့ ဆက်သွယ်မှုတွေပါ ရှိနေသေးတဲ့ ဖာဒီနန်ကတော့ တန်ဟက်ဂ်ဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရလာရင် မက်ဂွိုင်းယားကို ရောင်းချလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

ဖာဒီနန်က – “တကယ်လို့ မက်ဂွိုင်းယား အတွက် ကမ်းလှမ်းမှုတွေသာ ရလာမယ် ဆိုရင် တန်ဟက်ဂ်က သူ့ကို ရောင်းချလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ မက်ဂွိုင်းယားကလည်း သူ့အတွက် သင့်တော်တဲ့ အသင်းသာ ရှိမယ် ဆိုရင် အသင်းပြောင်းလိမ့်မယ်လို့ မြင်ပါတယ်။

တကယ်လို့ ပွဲထွက်ခွင့်သာ မရဘူး ဆိုရင် မက်ဂွိုင်းယားက ယူနိုက်တက်မှာ ဆက်နေမယ်လို့ မထင်ပါဘူး။ တချို့ ကစားသမားတွေက ပွဲထွက်ခွင့် မရလည်းပဲ အသင်းမှာ ဆက်နေတတ်ကြပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက အဲ့ဒီလို ကစားသမားမျိုးလို့ မထင်ပါဘူး။ မက်ဂွိုင်းယားက ဘောလုံးအားကစားကို ချစ်သလို အမြဲတမ်း ပွဲထွက်ခွင့်တွေ လိုချင်နေတဲ့ လူစားမျိုးပါ” လို့ ပြောကြားသွားခဲ့တာပါ။

ဒီ ဘောလုံးရာသီမှာလည်း မက်ဂွိုင်းယားက ရာသီအစ ၂ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင် ကစားခွင့် ရခဲ့ပေမယ့် သူ ပါဝင် ကစားခဲ့တဲ့ ၂ပွဲစလုံးမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှ စတင်ကာ မက်ဂွိုင်းယားကို ပွဲထွက် လူစာရင်း ကနေ ဖယ်ရှားပြီး ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ ခံစစ်အတွဲကိုသာ အဓိကထား အသုံးပြုနေကာ ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ အတွဲကလည်း အခုချိန်မှာ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။