အီတလီကို ရှုံးပြီး အင်္ဂလန် တန်းဆင်းရတဲ့နောက် နည်းပြ ဆောက်ဂိတ်ကို ထုတ်ပစ်ဖို့ ပရိသတ်များ တောင်းဆို

အီတလီမြေက နေးရှင်းလိဂ်ပွဲစဉ်မှာ ဆိုးရွားတဲ့ ကစားပုံနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် နေးရှင်းလိဂ်ရဲ့ ထိပ်တန်းအသင်းတွေသာ ကစားရတဲ့ အုပ်စုအေကနေ အုပ်စုဘီကို တန်းဆင်းခဲ့ရတဲ့ အင်္ဂလန်အသင်းနဲ့ နည်းပြ ဂါရက် ဆောက်ဂိတ်ကို ပရိသတ်တွေက ဒေါသထွက်နေခဲ့ကြပြီး အမြန်ဆုံး ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပရိသတ်တွေအပြင် ဘောလုံးကျွမ်းကျင်သူတွေကလည်း အသင်းရဲ့ ဘာဗျူဟာမှ မရှိတဲ့ ကစားကွက်နဲ့ ၅ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ သွင်းဂိုးက ဟာရီကိန်းရဲ့ ပင်နယ်တီသာ ဖြစ်နေတာတွေကို ထောက်ပြခဲ့ကြပြီး ဒီလိုပုံစံနဲ့တော့ ဒီနည်းပြ ဒီရာထူးမှာ ဆက်ရှိနေတာဟာ အံ့ဩစရာလို့ ဆိုခဲ့ကြတာပါ။

အင်္ဂလန်အသင်းအနေနဲ့ ကစားပုံကောင်းရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရင် ပရိသတ်တွေအနေနဲ့ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ပေမယ့် ခံစစ်ကို အလွန်အကျွံ ကစားပြီး တိုက်စစ်မှာ ကစားသမားကောင်းတွေကို နေရာမချတတ်တာနဲ့ လူရွေးချယ်မှုတွေ မှာလည်း ကစားသမားကောင်းတွေကို ချန်ရစ်ပြီး အသုံးမကျတဲ့ သူတွေကို ရွေးချယ်နေတာက လှောင်ပြောင်စရာ ဖြစ်ခဲ့ရပါတယ်။

အထူးသဖြင့်တော့ နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်ယောက်အနေနဲ့ ကလပ်အသင်းတွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်သူတွေကို ရွေးချယ်သုံးစွဲရမယ့်အစား မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခွင့် မရှိတဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို ပွဲတိုင်းသုံးစွဲနေပြီး ကလပ်အသင်းမှာ ညာတောင်ပံတိုက်စစ်ကစားတဲ့ ဘူကာယို ဆာကာကို ဘယ်နောက်ခံမှာ သုံးစွဲခဲ့တာက သြချစရာလုပ်ရပ်လည်းဖြစ်ခဲ့တာပါ။

ပရိသတ်တွေကတော့ ဒီပုံစံနဲ့ ဆောက်ဂိတ်တစ်ယောက် ကာတာကို ဘာသွားလုပ်မှာလဲလို့ လှောင်ပြောင်ခဲ့ကြပြီး စိတ်ပျက်စရာ ပျင်းရိပျင်းတွဲ ကစားပုံနဲ့ အသင်းကို ရှက်တတ်ရင် တစ်ဖက်မှာ အင်္ဂလန်အမျိုးသမီးအသင်း ဘယ်လို ကစားနေသလဲဆိုတာ သွားကြည့်ပါဦးလို့လည်း ရှုတ်ချခဲ့ကြသလို နည်းပြတင် မဟုတ်ဘဲ ကစားသမားတွေကပါ ပရိသတ်တွေကို စော်ကားနေသလိုပဲလို့ ပြောခဲ့ကြပါတယ်။

“အင်္ဂလန်နည်းပြရာထူးမှာ ကမ္ဘာ့ဖလားကို သွားတဲ့အထိ ဆောက်ဂိတ် ဆက်ရှိနေမှာကို ဘယ်လိုမှ မယုံကြည်နိုင်ဘူး”လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပြီး နောက်တစ်ဦးကတော့ “ဒီလောက်ကြီး ခံစစ်ပိတ်ကစားနေတာတောင် ဂိုးတွေ ခဏခဏ ပေးနေရတာပဲလား။ အက်ဖ်အေအနေနဲ့ ရဲရဲရင့်ရင့် ဆုံးဖြတ်ပြီး ကမ္ဘာ့ဖလားရှုံးထွက် ၁၆ သင်းအဆင့်က လှည့်မပြန်ရခင် လူပြောင်းဖို့ လိုနေပြီ”လို့ ထောက်ပြခဲ့တာပါ။

ဆောက်ဂိတ်အနေနဲ့ ဒီညမှာ အသင်းကို နောက်ဆုံး ကိုင်တွယ်တာဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ကြတဲ့အထိ အင်္ဂလန် ပရိသတ်တွေရဲ့ ဒေါသက ပြင်းထန်နေခဲ့ပြီး လုံးဝ အရည်အချင်း မပြည့်မီတဲ့ နည်းပြအနေနဲ့ အသင်းကို ဘာဆုဖလားမှ ရယူမပေးနိုင်ဘူးလို့လည်း ဆိုခဲ့ကြသလို အချိန်ပေးထားသမျှကို ဖြုန်းတီးပြီး အသုံးမကျတဲ့ ကစားသမားတွေကို ရွေးနေတဲ့ အရှုံးသမားကို ရာထူးက ဖြုတ်ပစ်ဖို့ မျှော်လင့်တယ်လို့လည်း တိုက်ခိုက်ခဲ့ကြပါတယ်။

ပရိသတ်တွေအနေနဲ့ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားနဲ့ ၂၀၂၁ ယူရိုပြိုင်ပွဲတွေမှာ အသင်းကို ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ အဆင့်တွေဆီ ပို့ဆောင်ပေးခဲ့တဲ့ မျက်နှာကို ပြတ်ပြတ်သားသား ပယ်ချလိုက်ပြီလို့လည်း တွေ့မြင်နေရပြီး ခြင်္သေ့သုံးကောင်တို့ရဲ့ ဆိုးရွားလှတဲ့ လက်ရှိပုံစံနဲ့ ခပ်တုံးတုံး ကစားဟန်ကို လာမယ့်ကမ္ဘာ့ဖလားအထိ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူးဆိုတာကိုလည်း ပြသခဲ့ကြပါတယ်။

အင်္ဂလန်နဲ့ နည်းပြ ဆောက်ဂိတ်ကို လက်ရှိမှာတော့ လမ်းခွဲချိန်တန်ပြီလို့ အားလုံးက ယူဆနေကြပြီး တုံးအလေးကွေးတဲ့ ကစားဟန်နဲ့တော့ ကာတာကမ္ဘာ့ဖလားကို သွားဖို့ မဖြစ်နိုင်ကြောင်းလည်း ဝေဖန်နေကြကြောင်း သိရှိရပါတယ်။