ယူရို သန်း ၁၅ဝနဲ့ ပြောင်းရွှေ့ကြေး စံချိန်သစ်တင်ပြီး ပရီးမီးယားလိဂ်ထံ ရောက်လာဖွယ်ရှိတဲ့ ကြယ်ပွင့်သစ်

အင်္ဂလန် ပရီးမီးယားလိဂ် မှာ ပြောင်းရွှေ့ကြေး အများဆုံးနဲ့ လက်ရှိ စံချိန်တင်ထားတာကတော့ ဂျက် ဂရေးလစ်ချ်ကို မန်စီးတီးက ပေါင် သန်း ၁ဝဝ နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ နောက်နှစ်နွေမှာတော့ ဂရေးလစ်ချ် ရဲ့ စံချိန်တင်ကြေးကို ကျော်ဖြတ်သွားနိုင်တဲ့ ကစားသမား တစ်ဦးကတော့ ရှိနေပြီ ဖြစ်ပါတယ်။

သူ ကတော့ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ အပြိုင် စိတ်ဝင်စားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ် ဖြစ်ပါတယ်။

ဒေါ့မွန်က ဂျု့ဒ် ဘယ်လင်ဟမ် အတွက် တန်ကြေး ယူရို သန်း ၁၅ဝ (ပေါင် ၁၃၁.၆ သန်း) လို့ ဈေး သတ်မှတ်လိုက်ကြောင်း The Athletic သတင်းဌာန အဆိုအရ သိရပါတယ်။

ဒီတန်ကြေးဟာ သြဂုတ်လထဲ သတင်းထွက်ခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် သိသိသာသာ များပြားနေခဲ့တာပါ။ ထိုစဉ်က ဒေါ့မွန်ဟာ ဘယ်လင်ဟမ် အတွက် ယူရို သန်း ၁၂ဝ (ပေါင် ၁ဝ၃ သန်း) ရရင် လက်လွှတ်လိုခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဘယ်လင်ဟမ် ကို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေပါတယ်။ အင်္ဂလန်က ဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က အလေးအနက်ထား ချိတ်ဆက်နေကြတဲ့ အသင်းတွေပါ။

ဒေါ့မွန်က သူတို့ ကြယ်ပွင့် ကစားသမားကို လက်လွှတ်ရမယ် ဆိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အလိုရှိနေပြီး ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ ဘယ်လင်ဟမ် ကို ခေါ်ဖို့ ဆိုရင် ဂရေးလစ်ချ် စံချိန်တင်ကြေးထက် ကျော်မှကို ရရှိဖွယ် ရှိနေပါတယ်။

ညက အီတလီကို အရေးနိမ့်တဲ့ ပွဲမှာလည်း ဘယ်လင်ဟမ်က အင်္ဂလန်အသင်းမှာ တစ်ဦးတည်း သိသိသာသာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ကာတာ ကမ္ဘာ့ဖလားမှာသာ ခြေစွမ်းပြနိုင်ရင် တန်ကြေးက ထပ်မံတက်သွားနိုင်ခြေ ရှိနေပါသေးတယ်။