ပြန်နာသွားတဲ့ ပါတေး၊ ပရီးမီးယားလိဂ် ဗိုလ်စွဲသွားနိုင်ခြင်း၊ စူပါကွန်ပျူတာ တွက်ချက်မှုနဲ့ ယနေ့ညပိုင်း အာဆင်နယ် သတင်းတိုများ

အင်္ဂလန်အသင်းမှာ ဆာကာ ကို တိုက်စစ်မှာ ထားရမယ့်အစား ဘယ်နောက်ခံလူနေရာမှာ ထား ကစားခဲ့တာ အတွက် အင်္ဂလန် ပရိသတ်တွေ က အမျက်ထွက်နေကြပြီး နည်းပြ ဆောက်ဂိတ်ကို ထွက်သွားဖို့ ဝိုင်းဝန်း တောင်းဆိုနေကြပါတယ်။

အာဆင်နယ်နည်းပြ မီခေး အာတီတာ က သူဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဗလာဟိုဗစ်ချ်နဲ့ ကွင်းလယ်လူ ဖာဘီယို မီရက်တီတို့ရဲ့ ပရိသတ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာကြောင့် ဒီကစားသမားနှစ်ဦးကို ဂျူဗင်တပ်တို့ ရုန်းကန်နေရချိန်မှာ ခေါ်ထုတ်သွားနိုင်မလား စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂန်းနားတွေအနေနဲ့ ချန်ပီယံဖြစ်ခွင့်ကို မျှော်လင့်နိုင်ကြောင်း နည်းပြဟောင်းကြီး အာဆင် ဝင်းဂါးက ပြောကြားလိုက်ပြီး ကမ္ဘာ့ဖလားအပြီး ကလပ်အသင်းတွေ အခက်တွေ့ကြချိန် အခွင့်ကောင်းယူနိုင်ရင် အဆင်ပြေပြီ လို့ ထောက်ပြသွားခဲ့ပါတယ်။

ပြန်ကစားနိုင်တာမှ တစ်ပွဲပဲ ရှိသေးတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေး ဟာ ဂါနာအသင်းနဲ့ အတူ ရှိစဉ်ပဲ ဒဏ်ရာ ရသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ပါတေးကို ဂါနာအသင်းက ခေါ်ချိန်မှာ ဂန်းနားပရိသတ်တွေ စိုးရိမ်ခဲ့ကြပြီး ထင်ထားသလိုပဲ ဘရာဇီးလ်နဲ့ ခြေစမ်းပွဲမတိုင်ခင် သွေးပူ လေ့ကျင့်ခန်းလုပ်နေတုန်းမှာ ဒဏ်ရာ ရသွားခဲ့တာပါ။

အာဆင်နယ် အသင်းခေါင်းဆောင် ကွင်းလယ်လူ မာတင် အိုဒီဂတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး မှတ်တမ်း တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အဲ့ဒါကတော့ ဘောလုံးနဲ့တကွ ဖြတ်ကျော်ဆွဲပြေးမှုကို ၁၀ ကြိမ်နဲ့အထက် ပြုလုပ်ထားနိုင်သူတွေထဲမှာ အောင်မြင်မှုနှုန်း အများဆုံး ၈၁.၈ ရာခိုင်နှုန်းကို ရရှိထားခဲ့ပါတယ်။

ဂျပန်နဲ့ အမေရိကန်တို့ရဲ့ ခြေစမ်းပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြတဲ့ အာဆင်နယ် ကစားသမားနှစ်ဦးဖြစ်ကြတဲ့ နောက်ခံလူ တာကဲဟီရို တိုမီယာစုနဲ့ ဂိုးသမား မတ် တာနာတို့ ပွဲအပြီးမှာ အမှတ်တရအဖြစ် အင်္ကျီချင်း လဲလှယ်သွားခဲ့ကြပြီး ထိုပွဲမှာ ဂျပန်အသင်းက နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ် အသင်းအနေနဲ့ လာမယ့် ရာသီကုန်မှာ ချန်ပီယံလိဂ် ပြန်လည်ကစားခွင့်နဲ့အတူ တတိယနေရာကို ရရှိ လိမ့်မယ် လို့ စူပါကွန်ပျူတာ က ခန့်မှန်းလိုက်ပြီး မန်ချက်စတာစီးတီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်မယ်လို့ ဆိုထားပါတယ်။