ဂန်းနားဟောင်းကြီး ပေါမာဆွန် ရွေးချယ်လိုက်တဲ့ လက်ရှိ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူ ၃ ဦး
အာဆင်နယ် ကြယ်ပွင့်ဟောင်း ပေါလ်မာဆွန်က လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကွင်းလယ်လူတွေထဲက အကောင်းဆုံး ၅ ဦးကို အစဉ်လိုက် ရွေးချယ်လိုက်ပါတယ်။
ပေါလ်မာဆွန်က သူ့ စာရင်းမှာ မန်ချက်စတာစီးတီးရဲ့ ကယ်ဗင်ဒီဘရိုင်းနားကို နံပါတ် ၁ နေရာမှာ ထားခဲ့ကာ စပိန် ကွင်းလယ်လူ တီယာဂိုကို ဒုတိယ နေရာမှာ ရွေးချယ်သွားခဲ့ပါတယ်။
မာဆွန်က “တီယာဂို အယ်ကန်တာရာဟာ မယုံနိုင်စရာ ဘောလုံးသမား တစ်ဦး ဖြစ်ပါတယ်။ သူဟာ တကယ့်ကို ခြေစွမ်း အဆင့်အတန်း မြင့်မားသူပါ။ သူ မပါဝင်တဲ့အခါမှာ လီဗာပူးဟာ လုံးဝကို ကွဲပြား ခြားနားတဲ့ အသင်းတစ်သင်း ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို ဒီရာသီ ပွဲစဉ် တစ်ချို့မှာ မြင်တွေ့ထားခဲ့ပြီး ဖြစ်ပါတယ်။ သူ အန်ဖီးကို စရောက်လာတုန်းက သူဟာ လီဗာပူးရဲ့ ကစားဟန်ကို နှေးကွေးစေတယ် ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းနဲ့ အသားတကျ ဖြစ်သွားခဲ့တဲ့ အချိန်မှာတော့ သူဟာ ရပ်တန့်လို့ မရအောင် ပါပဲ။

သူ့ရဲ့ ကစားပုံ နဲ့ ရွေ့လျားမှုတွေကို ကြည့်လိုက်ပါ။ သူဟာ အမြဲတမ်း တိုက်စစ်ဆင်ဖို့ အတွက်ပဲ ရှာဖွေနေသူ ဖြစ်ပြီး လိုအပ်တယ်ဆိုရင် တစ်ချက်ထိ ကစားဟန်ကိုလည်း သက်တောင့်သက်သာနဲ့ ကစားပေးနိုင်ပါတယ်။ ကျွန်တော်ဟာ ကွင်းထဲမှာ အခြားသူတွေထက် တစ်ကွက် ကြိုမြင်နေတဲ့ ကစားသမားတွေကို နှစ်သက်ပါတယ်။ သူဟာ ဒီလို ကစားသမားတွေ ထဲက တစ်ဦးပါ။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ သူ့ရဲ့ အမာခံ တစ်ဦး ဖြစ်နေတာပါ။
တီယာဂိုကို နံပါတ် ၂ နေရာမှာ ထားခဲ့တဲ့ အပေါ် လူတစ်ချို့ကတော့ အံ့သြနေကြမှာပါ။ ဒါပေမယ့် ဒါဟာ ကျွန်တော့်ရဲ့ ဘောလုံး အမြင်အရ ဆုံးဖြတ်တာပါ။ သူဟာ စပယ်ရှယ် ကစားသမားလို့ ကျွန်တော် အမှန်တကယ် ယူဆထားပါတယ်။ ကျွန်တော်တို့ဟာ လီဗာပူးလို အသင်းကြီးမှာ ကြီးမားတဲ့ ခြားနားချက် ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့် ကစားသမား အကြောင်းကို ပြောနေတာပါ။
အေဂျက်နဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ ကစားဟန်ဟာ အခြား ပွဲစဉ်တွေနဲ့ ဘယ်လောက် ကွာခြားသွားသလဲ ဆိုတာ ကျွန်တော်တို့ အားလုံး တွေ့ရမှာပါ။ ကျွန်တော့်ရဲ့ ဒီစာရင်းဟာ စိတ်ခံစားမှု အရ ရွေးချယ်ထားတာ ဖြစ်ပြီး အပတ်တိုင်း အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တီယာဂို ကျွန်တော် အမြဲတမ်း နှစ်သက်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။” လို့ ပြောလိုက်ပါတယ်။
ပေါလ်မာဆွန်ဟာ တတိယနေရာမှာ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ညိုကို ရွေးချယ်ခဲ့ပြီး စတုတ္တနဲ့ ပဉ္စမနေရာတွေ မှာတော့ မန်စီးတီးရဲ့ ရိုဒရီ နဲ့ အာဆင်နယ် အသင်းခေါင်းဆောင် မာတင်အိုဒီဂတ် တို့ကို ထည့်သွင်းခဲ့ပါတယ်။