ဒီဂီယာနဲ့ လမ်းခွဲလိုခြင်း၊ သရဲနီတွေ အစွမ်းပြနေတဲ့ ပေါ်တူဂီ၊ ရှုံးကြွေးထပ်တင်တဲ့ လူဟောင်းများနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး ကစားသမားဟောင်းတွေရဲ့ Legend Match ဒုတိယ အကျော့ ကို မနေ့ညက အန်ဖီးလ် ကွင်းမှာ ကစားသွားခဲ့ပါတယ်။

မေလ တုန်းက အိုးထရက်ဖိုဒ့် မှာ ၃-၁ နဲ့ နိုင်ခဲ့တဲ့ လီဗာပူး ကပဲ ဒီပွဲကို ၂-၁ နဲ့ ထပ်နိုင်ကာ မန်ယူလူဟောင်းတွေ ရှုံးကြွေးမဆပ်နိုင်ဘဲ နှစ်ကျော့ပေါင်း ၅-၂ ရလဒ် နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ဝါရင့် ဂိုးသမားကြီး ဒေးဗစ် ဒီဂီယာ ကို ရာသီ အကုန်မှာ လက်လွှတ် သွားဖို့ စိတ်ကူး နေကာ အစားထိုး အစီအစဉ် အတွက် စတင် လုပ်ဆောင်နေပြီလို့ သတင်းထွက်လာခဲ့ ပါတယ်။

စနေနေ့ည ကစားခဲ့တဲ့ နေးရှင်းလိဂ် အုပ်စု(၂)ရဲ့ အုပ်စုပွဲ ချက်နဲ့ ပေါ်တူဂီတို့ရဲ့ ပွဲမှာတော့ ဧည့်သည် ပေါ်တူဂီက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ရော်နယ်ဒို ၊ ဖာနန်ဒက်နဲ့ ဒါးလော့တို့ရဲ့ ခြေစွမ်းကောင်း ပြသနိုင်မှုတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိသွားခဲ့ပါတယ်။

ချက် ဝ-၄ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ အတွက် အရေးပါခဲ့တဲ့ အရာကတော့ ရော်နယ်ဒို ၊ ဖာနန်ဒက်နဲ့ ဒါးလော့တို့ ရှိနေတဲ့ တိုက်စစ် ညာခြမ်း ဖြစ်ပြီး ပေါ်တူဂီ ရရှိခဲ့တဲ့ သွင်းဂိုး ၄ဂိုးစလုံးဟာ အဆိုပါ ကစားသမား ၃ဦးနဲ့ သက်ဆိုင်ခဲ့ကာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူတို့ ၃ဦး ရှိနေတဲ့ ညာခြမ်းတိုက်စစ်ဟာ ပေါ်တူဂီရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တခု ဖြစ်လာနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနှစ် နွေဈေးကွက်အတွင်းမှာ ဗဟိုခံစစ်မှူး မာတီနက်ဇ်နဲ့ ဘယ်နောက်ခံလူ မာလာစီယာတို့ကို ခေါ်ယူထားခဲ့ပေမယ့် ခံစစ်ပိုင်းကို ထပ်မံ ဖြည့်တင်းသွားဖို့ ဆန္ဒရှိနေပါတယ်။

လတ်တလောမှာ ယူနိုက်တက်က ညာနောက်ခံနေရာအတွက် မိုနာကိုရဲ့ ဘရာဇီးလ် ညာစွန်ခံစစ် ကစားသမား ဗန်ဒါဆင်ကို ချိန်ရွယ်နေတဲ့အပြင် ဗဟိုခံစစ်နေရာအတွက်ကိုပါ နာပိုလီရဲ့ ကိုရီးယား ခံစစ်မှူး ကင်မင်ဂျယ်ကို စောင့်ကြည့်လျက် ရှိနေတယ် လို့ သတင်းထွက်ပေါ်နေပါတယ်။