လုပ်ခမြင့်ပြီး အရင်လို အလုပ်မဖြစ်တော့တဲ့ ဒီဂီယာ နဲ့ လမ်းခွဲဖို့ ခြေလှမ်းပြင်လာတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဒီဘောလုံးရာသီမှာ သူတို့အသင်းရဲ့ လုပ်ခလစာ ပေးချေရမှုနှုန်း မြင့်မားလာတာကြောင့် အသင်းရဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာနဲ့ လမ်းခွဲဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။
အဓိက ဂိုးသမား ဒေးဗစ် ဒီဂီယာ ဟာ မန်ယူ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားတွေထဲက တဦး ဖြစ်သလို အသင်းနဲ့လည်း စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာကြောင့် စာချုပ်သစ် ထပ်မချုပ်ဖို့ အသင်းဘက်က စဉ်းစားလာတာပါ။
မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလားတွေ တလုံးမှ မရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပေမယ့် ကစားသမားတွေကို လုပ်ခလစာ ပေးချေရမှုနှုန်းဟာ ပိုမို မြင့်တက်လာခဲ့ပြီး ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ လုပ်ခလစာ ပေးချေရမှု အများဆုံး အသင်းအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ပြန်လည် ထိန်းညှိနိုင်ဖို့ လာမယ့် နွေဈေးကွက် အတွင်းမှာ လုပ်ခလစာမြင့် ကစားသမားတွေထဲက တချို့ကို ရှင်းထုတ်ရန် ဆုံးဖြတ်ထားပြီး ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ အဓိက ဂိုးသမား ဒီဂီယာတို့ အပါအဝင် ကစားသမား တချို့ဟာ မန်ချက်စတာ ယူနိုက်တက် ကနေ ရှင်းထုတ်ခံရမယ့် ကစားသမားစာရင်းထဲ ပါဝင်နေပါတယ်။
တယ်လီဂရပ်ဖ် သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခလစာ အမြင့်ဆုံး ဂိုးသမား ဖြစ်နေပေမယ့် ထင်ထားသလောက် အသင်းကို အကျိုးပြုနိုင်စွမ်း မရှိတဲ့ ဒေးဗစ် ဒီဂီယာကို အရင်ဆုံး ရှင်းထုတ်ဖို့ စဉ်းစားနေကြပြီ ဆိုလာပါတယ်။
ဒီဂီယာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် ယူနိုက်တက်က ဒီဂီယာကို စာချုပ်သစ်သာ ထပ်မချုပ်ရင် ဒီဂီယာဟာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာရလိမ့်မယ် လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူတွေကလည်း ဒီဂီယာဟာမန်ချက်စတာ ယူနိုက်တက်မှာသာ ဆက်နေချင် သေးကြောင်းကို အင်တာဗျူးတိုင်းမှာ ပြောဆိုထားပေမယ့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒီဂီယာရဲ့ နေရာကို သွေးသစ်လောင်းချင်နေကြပါတယ်။
ဒီဂီယာသာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်သွားရင် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ လိဒ်ယူနိုက်တက် ဂိုးသမား မက်စ်လီယာတို့ နှစ်ဦးထဲက တဦးဟာ ယူနိုက်တက်ရဲ့ ဂိုးသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။