လီဗာပူး ခံစစ် ထရန့် အလက်ဇန်းဒါး အာနိုးလ်က အောက်တန်းက ကစားသမား သာသာပဲ လို့ ချဲလ်ဆီး လူဟောင်း ဝေဖန်

ချဲလ်ဆီးနဲ့ ပြင်သစ် ကစားသမားဟောင်း ဖရန့် လီဘိုးကတော့ လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်ဟာ တိုက်စစ်လိုက်ပါမှု အပိုင်းမှာ အတော်လေးကို သဘောကျချင်စရာ ကောင်းပေမယ့် ခံစစ်အပိုင်းမှာတော့ ပရီးမီးယားလိဂ် အောက်တန်းက ချန်ပီယံရှစ် အဆင့်သာ ရှိတယ် ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

လီဘိုး က အာနိုးလ်ရဲ့ တိုက်စစ် လိုက်ပါမှု စွမ်းရည်ကို သဘောကျပေမယ့် အာနိုးလ်ရဲ့ ခံစစ်မှူး ဖြစ်ပါလျက် ခံစစ်ဆော့ ကစားရာမှာ ညံ့ဖျင်းမှုဟာ လုံးဝ လက်သင့်ခံနိုင်စရာ မရှိကြောင်း ထောက်ပြလာခဲ့ပါတယ်။

အာနိုးလ်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး လာဘော့ဖ်က – “အာနိုးလ်ရဲ့ အကြောင်းကို ပြောချင်တယ်ဗျ။ ကျွန်တော်က အာနိုးလ်ရဲ့ တိုက်စစ်လိုက်ပါမှု စွမ်းရည်ကို သဘောကျပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခံစစ်ကစားပုံက ချန်ပီယံရှစ် အဆင့်လောက်ပဲ ရှိပါတယ်။ ဒါက လုံးဝကို လက်မခံနိုင်စရာပါ။

သူက ကလော့ပ်ရဲ့ ကစားကွက် တခုထဲမှာပဲ အံဝင်အောင် ဆော့ကစားနိုင်တဲ့သူလို့ မြင်ပါတယ်။ ဒါကြောင့်လည်း ကလော့ပ်ရဲ့ ကစားကွက် သိပ်အလုပ်မဖြစ်တဲ့ ဒီရာသီမှာ သူ့ရဲ့ အမှားတွေကို ကျွန်တော်တို့တွေ မကြာခဏ မြင်နေကြ ရတာပေါ့” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်က လီဗာပူးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ ဖြတ်တင်ဘော တိကျမှုနဲ့ တည်ကန်ဘော ကန်သွင်းရာမှာ ကောင်းမွန်မှုတို့ကြောင့် ကမ္ဘာ့အဆင့် ညာနောက်ခံလူ တဦး အဖြစ် ချီးကျူး ခံထား ရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အာနိုးလ်ရဲ့ အားနည်းချက်က သူ့ရဲ့ ခံစစ် အရည်အသွေး ဖြစ်ပြီး အာနိုးလ်ဟာ တိုက်စစ်လိုက်ပါမှု ကောင်းမွန်တဲ့ ညာနောက်ခံလူ ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ခံစစ်ပိုင်းမှာ အမှားအယွင်းတွေ ကျူးလွန်မိလေ့ ရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။