ဒီနွေမှာ ဂျေဆူးစ် က ဟာလန်းထက် ပိုကောင်းတဲ့ ခေါ်ယူမှု ဖြစ်တယ်လို့ အဘွန်လဟော သုံးသပ် ရှင်းပြ
အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း အဘွန်လဟောက ဒီနွေမှာ အာဆင်နယ်ရဲ့ ဂါဘရီယဲလ် ဂျေဆူးစ်ကို ခေါ်ယူနိုင်မှုက မန်စီးတီးရဲ့ ဒေါ့မွန်ကနေ အာလင်း ဟာလန်းကို ခေါ်ယူနိုင်မှုထက် ပိုမိုကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ မန်ချက်စတာစီးတီးအသင်းက ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေး ပေါင် ၅၁ သန်း ကို ပေးချေခဲ့ပြီးနောက် အစ်တီဟတ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဂျေဆူးစ်ကလည်း မန်ချက်စတာမှာ အောင်မြင်တဲ့ ကစားသမားဘဝ ၅ နှစ်တာကို ဖြတ်သန်းခဲ့ပြီးနောက် ပေါင် ၄၅ သန်း နဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒီတိုက်စစ်မှူး ၂ ဦးစလုံးဟာ ယခုရာသီအစမှာ သက်ဆိုင်ရာ အသင်းတွေအတွက် ကြယ်ပွင့်ကစားသမားတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းက လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၁၈ မှတ်နဲ့အတူ ထိပ်ဆုံးကနေ ရပ်တည် နေတာကြောင့် ပိုမို ကောင်းမွန်တဲ့ရာသီအစကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အက်စတန် ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟောက လက်ရှိမှာတော့ ဂျေဆူးစ်ကို ဘာကြောင့် နွေရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုလို့ သတ်မှတ်ခဲ့ရလဲ ဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှင်းလင်းလိုက်တာဖြစ်ပါတယ်။

“ကျွန်တော့်အတွက် အကောင်းဆုံးခေါ်ယူမှုက ဂျေဆူးစ်ပဲ။ ဟာလန်းကလည်း အရမ်းထူးချွန်ခဲ့ပါတယ်။ ဒါပေမယ့် စီးတီးက ဟာလန်းမပါဘဲ အမြဲတမ်း ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး ဟာလန်းမပါဘဲ ထူးခြားတဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်”
“ဂါဘရီယဲလ် ဂျေဆူးစ်က အာဆင်နယ်ကို တစ်ခုခုဖြစ်သွားအောင် ပြောင်းလဲပေးခဲ့တာပါ။ သူတို့မှာ အခုဆိုရင် နောက်ခံကစားသမားတွေကို ဖိအားပေးနေတဲ့အချိန်မှာ အားအားယားယားမနေတဲ့ တိုက်စစ်မှူးတစ်ယောက် ရှိနေပြီ”
အဘွန်လဟောက မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းအနေနဲ့ ရွှေဖိနပ်ဆုကို ရရှိလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဟာလန်းကို ကြည့်လိုက်တော့ သူက ပွဲကောင်းတစ်ပွဲ မဖြစ်တဲ့အချိန်မှာတောင်မှ လေထဲကို ခုန်ပျံပြီး တစ်ချက်ထိရုံနဲ့ ဂိုးကန်သွင်းနိုင်ခဲ့တယ်။ သူက မတူညီတဲ့ ဂြိုဟ်ပေါ်က သူလိုမျိုးပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။