ပရီးမီးယားလိဂ်မှာ အံဝင်မယ့်သူ မဟုတ်ဘူး ဝေဖန်ချက်တွေကို တုန့်ပြန်ခဲ့ပြီဖြစ်တဲ့ မာတီနက်ဇ်
ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိလာခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ ရာသီစ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ အကောင်းဆုံး ခြေစွမ်း ပြန်ရဖို့ ဘယ်လို ကြိုးစားခဲ့သလဲ ရှင်းပြသွားပါတယ်။
မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ အစမကောင်းခဲ့ခြင်းကြောင့် သူ့ရဲ့ အရပ်အမောင်း နဲ့ စွမ်းဆောင်ရည်အပေါ် အများကြီး ဝေဖန်ခံခဲ့ရတာပါ။ ဒါပေမယ့်လို့ လီဗာပူးကို ရင်ဆိုင်တဲ့ပွဲကစပြီး ဗာရန်း နဲ့ တွဲဖက်ကာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့လို့ သြဂုတ်လအတွက် ယူနိုက်တက် အကောင်းဆုံး ကစားသမားဆုတောင် ရခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးမှာ ကစားခွင့် ရရှိခြင်းက အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါလို့ ဆိုလိုက်ပြီး ဝေဖန်မှုတွေကို သူဘယ်လို ရင်ဆိုင်ခဲ့သလဲ အခုလို ရှင်းပြခဲ့ပါတယ်။
” ရိုးရိုးသားသား ပြောပါမယ်။ မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးမှာ ကစားခွင့် ရရှိခြင်းက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခြင်းပါပဲ။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ကစားခွင့်ရလိုက်တာကပေါ့။ ဒါဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ကျွန်တော် ထင်မိပါတယ်။
ပရီးမီးယားလိဂ်မှာ တည်ငြိမ်တဲ့ ခြေစွမ်းမျိုး ကစားနိုင်တာက တကယ့်ကို ကောင်းမွန်လွန်းပါတယ်။ ကျွန်တော်ကတော့ ဝေဖန်မှုတွေကို အဖက်လုပ်သွားမှာ မဟုတ်ပါဘူး ။ ကျွန်တော့်ကို ကျွန်တော် ယုံကြည်သလို ယုံကြည်မှုလည်း ပြည့်ဝပါတယ်။
ကျွန်တော် အလုပ်တွေလည်း နေ့တိုင်း ကြိုးစားတယ်လေ။ အဲ့တာက ရလဒ်ကောင်း တစ်ခု ရရှိစေနိုင်မှာပါ ။ ကျွန်တော် အလုပ်တွေ ဆက်လက်ကြိုးစားဖို့ပဲ အာရုံစိုက်နေပါတယ် ” လို့ မာတီနက်ဇ်က ပြောကြားသွားတာ ဖြစ်ပါတယ်။