Ballon d’Or ဆုအတွက် ဂျော်ဂျင်ဟိုရဲ့ မဲပေးမှုကို ရရှိသွားတဲ့ ပြိုင်ဘက် ထိပ်တန်း ကစားသမား

ပြီးခဲ့တဲ့ရာသီ ချယ်ဆီးနဲ့ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့သလို နွေမှာ အီတလီနဲ့ ယူရိုဖလား အနိုင်ရခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ ဘလွန်းဒီအောဆုအတွက် နာမည်ကြီးသူ တစ်ဦးဖြစ်တယ်။

သူဟာ ၂၀၂၁ ခုနှစ် ယူအီးအက်ဖ်အေကပေးတဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရခဲ့ပြီဖြစ်ကာ ဘလွန်းဒီအောဆုအတွက် မဲပေးခွင့် တစ်ကြိမ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဂျာနယ်လစ်တွေ၊ လက်ရွေးစင် နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေက ဆုကို ဘယ်သူအနိုင်ရမယ်ဆိုတာအတွက် မဲပေးခွင့်တွေ ပိုင်ဆိုင်ထားတာပါ။ ဂျော်ဂျင်ဟိုက ကိုယ်ဘာသာ မဲပေးခဲ့တယ်လို့ နောက်ပြောင် ပြောခဲ့ပြီး သူရဲ့ မဲကိုတော့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းကို ပေးခဲ့တယ်လို့ ဝန်ခံပါတယ်။

ဂျော်ဂျင်ဟိုက “ ကျနော် ကိုယ်ဘာသာမှ မဲမပေးရင် ဘယ်သူ့ကို မဲပေးရမလဲ? အနည်းဆုံးတော့ တစ်မဲလောက်ရမှာကို လိုချင်တယ်။ ဟဲ ဟဲ စတာပါ။ ” လို့ အရင်ဆုံး ဖြေဆိုခဲ့ပါတယ်။

အီတလီသားကြီး အမှန်အတိုင်း ဖြေခဲ့တာကတော့ ” ကျနော် ဒီဘရိုင်းကို မဲပေးခဲ့ပါတယ်။ လှပတဲ့ ဘောလုံးလောကအတွက် ဒီနှစ်တွေမှာ သူလုပ်ပြနေတာတွေ အားလုံးအတွက် သူ့ကို မဲပေးခဲ့တာပါ။ ဘောလုံးကို နှစ်သက်သူတိုင်း သူ ကစားတာကို မြင်နေရတာကို ကောင်းပါတယ်။ သူက ဘောလုံးကို နားလည်ပြီး သာမာန်လူတွေထက် ဉာဏ်ရည်မြင့်တဲ့ ကစားသမားပါ ” လို့ ဆိုသွားခဲ့တယ်။

၂၀၁၈ ခုနှစ်မှာ နာပိုလီကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာပြီးတဲ့နောက် ဝေဖန်မှု များစွာ ပိုင်ဆိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ လက်ရှိမှာတော့ သူ့ကို အသိအမှတ်ပြုသူတွေ များပြားလာနေခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် ဘလွန်းဒီအောဆုအတွက် သူ့ရဲ့ ရပ်တည်ချက်က ဘယ်လောက်ကောင်းမယ် ဆိုတာကို မကြာခင် သိရတော့မှာပါ။