မက်ဆီနဲ့ စီ ရော်နယ်ဒို လက်သစ် အဖြစ် ဘောလုံးကမ္ဘာကို လွှမ်းမိုးလာမယ့် ကစားသမား ၂ဦး ကို ဆစ်ဆိုကို ဖော်ထုတ်
လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း ဆစ်ဆိုကိုကတော့ အမ်ဘတ်ပီနဲ့ ဟာလန်းတို့ အနေနဲ့ အနာဂါတ်မှာ စီ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အဆင့်အတန်းမျိုးကို ရောက်လာနိုင်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
ဒီနှစ်ပိုင်းတွေမှာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပီနဲ့ မန်စီးတီး ကြယ်ပွင့် ဟာလန်းတို့ နှစ်ဦးဟာ သူတို့ရဲ့ စွမ်းဆောင်ရည် ကောင်းတွေ သွင်းဂိုးတွေနဲ့ အနာဂါတ်မှာ အစွမ်းကုန်တောက်ပလာမယ့် ကစားသမားတွေအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။
ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းနဲ့ ၂ နှစ်ခွဲ ကစားခဲ့စဉ်မှာ လိဂ်သွင်းဂိုး ၆၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ မန်စီးတီး အသင်းထံရောက်ရှိလာချိန်မှာလည်း ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပြီး သူဟာ ဘယ်လို ကစားသမားမျိုးလည်း ဆိုတာ သက်သေပြထားနိုင်ခဲ့တာပါ။

အမ်ဘတ်ပီ၊ ဟာလန်းတို့နဲ့ ပတ်သက်ပြီး ဆစ်ဆိုကိုက “သူတို့နှစ်ဦးအနေနဲ့ သွင်းဂိုးတွေ အများကြီးသွင်း နေသလို ခြားနားတဲ့ ကစားသမား နှစ်ဦးပါ၊ အမ်ဘတ်ပီရော ဟာလန်းရော ထိပ်တန်းကစားသမားတွေပါ၊ မက်ဆီနဲ့ စီ ရော်နယ်ဒို တို့လို အဆင့်အတန်းမျိုး သူတို့ ရောက်လာမှာ အသေအချာပါပဲ” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
တချိန်က GOAT တွေ အဖြစ် ဘောလုံးကမ္ဘာကို လွှမ်းမိုးကာ ဘလွန်းဒီအော ဆုတွေ အပြိုင်သိမ်းခဲ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒို တို့က ခုချိန်မှာတော့ အသက် ၃ဝ ကို တော်တော် ကျော်လာခဲ့ပြီ ဖြစ်ပြီး ဘောလုံး ကစားတာကနေ အနားယူဖို့ကလည်း အနှေးနဲ့ အမြန် ဖြစ်လာနိုင်ပြီ ဖြစ်ပါတယ်။
ဒီနှစ်ယောက်ရဲ့ နေရာကို ဆက်ခံနိုင်မယ့် ခြေစွမ်းကောင်း အလားအလာ ကောင်းတွေ ရှိတာကလည်း ဘတ်ပီနဲ့ ဟာလန်းသာ ရှိနေတာ အမှန်ပဲ လို့ ဆိုရမှာပါ။