စီ ရော်နယ်လ်ဒို ဘောလုံး ကစားတာကနေ အနားယူ သင့်ပြီ လို့ ထုတ်ဖော် တောင်းဆိုလိုက်သူ
အီတလီ ဂန္တဝင် တိုက်စစ်မှူး အန်တိုနီယို ကာဆာနိုက ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကိုယ့်ဘာသာ မျက်နှာသာပေးပြီး ဘောလုံးကစားသမား ဘဝကနေ အနားယူလိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။
ကာဆာနို က ရော်နယ်လ်ဒိုကို တကိုယ်ကောင်းဆန်တဲ့ကစားသမားလို့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က ကိုယ့်ပန်းတိုင်အတွက်သာ ရှင်သန်နေသူလို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။
“သူက တခြားလူတွေဂိုးသွင်းရင် ဂရုမစိုက်ဘူး။ သူ့ဘာသာ ဂိုးသွင်းဖို့အတွက်ပဲ အသက်ရှင်နေတဲ့သူမျိုးပါ။ သူက ဘောလုံး အတွက် ရှင်သန်နေတာမဟုတ်ပါဘူး။သူက သူ့ရဲ့ ကိုယ်ပိုင် ပန်းတိုင်တွေအတွက် ရှင်သန်နေတယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ရော မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပါ ခြေစွမ်း မပြသနိုင်တဲ့အချိန်မှာတော့ ကက်ဆာနိုက အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ကစားသမားဘဝကနေ အနားယူဖို့ အချိန်ကျပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“အခုအချိန်မှာ ခရစ္စတီယာနိုအနေနဲ့ သူ့ဘာသာ ချစ်သင့်တယ်။ သူ့ဘာသာ မျက်နှာသာပေးသင့်ပြီး သူ အဆင့် တစ်ဆင့် ကို မရောက်ရှိနိုင်ဘူး ဆိုရင် သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ရမယ်ဆိုတာကို နားလည်ရမယ်”
“သူ အရာအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။ သူက ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ အခုတော့ အနားယူဖို့ အချိန်ကျပြီ။ ကျွန်တော် ရော်နယ်လ်ဒိုအပေါ်မှာ လေးစားမှုအများကြီးရှိပေမယ့် ကစားသမားတစ်ယောက်အနေနဲ့တော့ သူ့ကို မနှစ်သက်ပါဘူး။
မက်ဆီက ဒီယေဂို မာရာဒိုနာလိုမျိုး ကစားသမားပါ။ သူက အသက် ၁၄ နှစ်အရွယ်မှာ အာဂျင်တီးနားကို စွန့်ခွာခဲ့ရပြီး ရုပ်ပိုင်းဆိုင်ရာ ပြဿနာအများပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါတွေက သူ့ရဲ့ စတေးမှုတွေကို ပြောပြနေပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒို ဟာ ကလပ်အသင်း မန်ချက်စတာ ယူနိုက်တက်မှာလည်း အရန်ခုံမှာ ထိုင်နေရတာ များပြီး ဒီတပတ် မန်ချက်စတာ ဒါဘီမှာလည်း ပွဲထွက်ကနေ ဆက်လက် ချန်လှပ်ခံရဖွယ် ရှိနေပါတယ်။