စပါးကို အနိုင်ကန်ပြီး အမှတ်ပေးဇယားထိပ် ပထမ နေရာကို ဘယ်သူ့မှ မပေးတမ်း ဆက်ကိုင်သွားတဲ့ အာဆင်နယ်
အာဆင်နယ်ကတော့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာ စပါးကို အကောင်းဆုံး ခြေစွမ်းပြပြီး အနိုင်ယူခဲ့ပြီး အမှတ်ပေး ဇယားထိပ်မှာ ဆက်လက်ရပ်တည်သွားပါတယ်။ ယူနိုက်တက်ကို ရှုံးခဲ့တာကြောင့် နောက်ထပ်အသင်းကြီးဖြစ်တဲ့ စပါးနဲ့ ထိပ်တိုက်တွေ့ချိန်မှာ အာဆင်နယ်တို့ ဘယ်လိုရင်ဆိုင်မလဲ ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပြီး အာဆင်နယ်က စိန်ခေါ်မှုတွေကို အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ လူစုံအသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး ပြန်ပါလာသလို အော်ဒီဂွါဒ်၊ ချာကာတို့နဲ့ တွဲကစားခဲ့သလို တိုက်စစ်မှာတော့ ဂျေဆူးစ်၊ မာတီနယ်လီနဲ့ ဆာကာတို့ကို မပြောင်းမလဲ ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။
ဧည့်သည် စပါးစ်တို့ကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ လွန်ဂလေ၊ ဒိုင်ယာနဲ့ ရိုမဲရိုးတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ပါရီရှစ်ချ်၊ ဘင်တန်ကာနဲ့ ဟွိုင်ဘယာ့ဂ်တို့နဲ့ အထိုင်ချလာခဲ့သလို တိုက်စစ် မှာတော့ ရစ်ချာလစ်ဆန်၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့နဲ့ ခင်းကျင်းခဲ့တာပါ။

ပွဲစကတည်းက အိမ်ရှင် အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး စပါးစ်တို့ ပထမ ဆယ်မိနစ်လောက် အတွင်းမှာ ဘောလုံးသိပ်မထိအောင် လုပ်ထားနိုင်ခဲ့သလို ခြိမ်းခြောက်မှုတွေကို ဧည့်သည်ခံစစ်နဲ့ ဂိုးသမား လိုရစ်တို့ အမှားမရှိခဲ့လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၂၀ မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာကာက တိုက်စစ်ဆင်လာပြီး ဧရိယာထဲ ဝင်ဖို့ မဖြစ်နိုင်လို့ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဘန်ဝှိုက်က အတွင်း ပြန်ထည့်ပေးခဲ့ရာမှာ ဧရိယာအစပ်မှာ လွတ်နေခဲ့တဲ့ ပါတေးက ညာဘက်အပေါ်ထောင့်ကို လှမ်းကန်ပြီး သွင်းယူသွားနိုင်ခဲ့တာပါ။
ပွဲချိန် ၃၁ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဧရိယာထဲ တိုးဝင်လာတဲ့ ရစ်ချာလစ်ဆန်ကို ဘောလုံးမထိဘဲ ခြေချိတ်မိခဲ့တဲ့ ဂါဘရီယယ်လ်ကြောင့် ပေးရတဲ့ ပင်နယ်တီကို ဟာရီကိန်းက သွင်းယူခဲ့တာပါ။
အာဆင်နယ်တို့အနေနဲ့ လက်ကျန်ပွဲချိန်တွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထပ်ပြီး ဖိကစားနေပေမယ့် ဂျေဆူးစ်နဲ့ ဆာကာတို့ရဲ့ ကန်ချက်တွေကို စပါးစ်ဂိုးသမား လိုရစ် လက်စွမ်းပြ ကာကွယ်သွားခဲ့လို့ ပထမပိုင်းမှာ ခြေစွမ်းအရ သာလွန်ခဲ့ပေမယ့်လည်း တစ်ဂိုးစီ သရေနဲ့သာ ကျေနပ်နေခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ အာဆင်နယ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပါတေးပေးတဲ့ ဘောလုံးကို ညာခြမ်းက အတွင်းကို ဆွဲဝင်ပြီး အပေါက်ရှာကန်တဲ့ ဆာကာရဲ့ ကန်ချက်ကို လိုရစ် မဖမ်းနိုင်ဘဲ ပြန်ထွက်လာတာကို နောက်ခံလူ ရိုမဲရိုးကလည်း ရှင်း မထုတ်နိုင်ချိန်မှာ ဂျေဆူးစ်က နောက်ကနေ ဝင်လုပြီး ကန်သွင်းယူသွားခဲ့တာပါ။
ပွဲချိန် ၆၂ မိနစ်မှာတော့ တောင်ပံက ဘောလုံးကို ပြန်လည်ရယူပြီး ကိုယ့်ကွင်းခြမ်းကို ပြန်ဆွဲလာတဲ့ မာတီနယ်လီကို မလိုအပ်ဘဲ မိုက်မဲတဲ့ ဖျက်ထုတ်မှုက ခြေကျင်းဝတ်အထက်ကို တက်နင်းတာဖြစ်သွားခဲ့တဲ့ စပါးစ်တောင်ပံသမား ရိုယဲလ် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ဧည့်သည်တွေ ဆယ်ယောက်နဲ့ ကစားခဲ့ကြရပါတယ်။
ပွဲချိန် ၆၇ မိနစ်မှာတော့ ကွန်တီရဲ့ အပြောင်းအလဲလုပ်ဖို့ နောက်ကျနေတဲ့ စပါးစ်ကို အာဆင်နယ်တို့ တတိယဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဘယ်ခြမ်းက မာတီနယ်လီရဲ့ အတွင်းကို ဆွဲဝင်ပြီး ချန်ထားပေးခဲ့တဲ့ ဘောလုံးကို ဧရိယာထိပ်မှာ ရသွားခဲ့တဲ့ ချာကာက တစ်ဖက်နောက်ခံလူနှစ်ဦးကို ဖြတ်ကျော်ပြီးမှ ညာဘက်တိုင်ခြေကို ချိုးကန်သွင်းယူသွားခဲ့တာပါ။
ဒီနောက်ပိုင်းမှာ စပါးစ်တို့ဘက်က ကစားသမားလေးဦး တစ်ပြိုင်တည်း လဲကစားခဲ့ပြီး ဆွန်ဟောင်မင်၊ ရစ်ချာလစ်ဆန်၊ လွန်ဂလေနဲ့ ပါရီရှစ်ချ်တို့အစား ဘီဆူးမား၊ ဆက်ဆီညွန်၊ ဆန်ချက်ဇ်နဲ့ ဒိုဟာတီတို့ကို ထည့်ပြီး တောင်ပံခံစစ်နဲ့ ကွင်းလယ်ကို ဖြည့်သွားခဲ့သလို အာဆင်နယ်တို့ဘက်ကတော့ ပါတေးနဲ့ ဇင်ချန်ကိုတို့အစား ဆမ်ဘီ လိုကွန်ဂါနဲ့ တီယာနီတို့ကို လဲအပြီးမှာ ကွန်တီကတော့ ဟွိုင်ဘယာ့ဂ်အစား စကစ်ပ်ကို ထပ်ထည့်ခဲ့တာပါ။
ပွဲချိန်မိနစ် ၈၀ မှာတော့ ဂျေဆူးစ်နဲ့ အော်ဒီဂွါဒ်တို့ကို အာဆင်နယ်တို့ အနားပေးခဲ့ပြီး နကီးတီးယားနဲ့ ဖာဘီယို ဗီယာရာ တို့နဲ့ လဲကစားသွားခဲ့သလို ဘောလုံးပိုင်ဆိုင်မှုနဲ့ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာ ဘန်ဝှိုက်အစား တိုမီယာစုကို နောက်ဆုံးလူစားလဲမှုအဖြစ် ထည့်သွင်းပြီး မြောက်လန်ဒန်ဒါဘီကို အေးအေးဆေးဆေး အနိုင် ရလဒ်နဲ့ ပွဲသိမ်း စေခဲ့ပါတယ်။