ပေါ်တာအတွက် နိုင်ပွဲကောင်း၊ ဆေးလ်ဗား အဝါကတ်အတွက် မကျေနပ်သူ၊ ဂလယ်ဟာ အတွက် အကြံနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးအသင်း ဟာ ခရစ္စတယ် ပဲလေ့စ် ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားပြီး နည်းပြသစ် ဂရေဟမ် ပေါ်တာ ကို အဖွင့်လှစေခဲ့ ပါတယ်။
ဒီပွဲမှာ အပြောင်းအရွှေ့ ပိတ်ခါနီးမှ ချဲလ်ဆီး ကို ရောက်လာတဲ့ တိုက်စစ်မှူး အော်ဘားမီးယန်း ဟာလည်း အသင်းသစ် အတွက် ပထမဆုံးဂိုးကို သွင်းယူ ပေးနိုင်ခဲ့ ပါတယ်။
ချဲလ်ဆီး ခံစစ်သမားကြီး သီယေဂို ဆေးလ်ဗား လက်ထိဘော အတွက် အဝါကတ်သာ ရခဲ့တာက ဘရာဇီးသား အတွက် အလွန်ကို ကံကောင်းသွားတဲ့ ဖြစ်ရပ်ပဲ လို့ ပွဲ အပြီးမှာ ပဲလေ့စ် နည်းပြ ဗီအဲရာက မကျေမနပ် ဆိုခဲ့ပါတယ်။

နိုင်ငံတကာ သီတင်းပတ် အပြီး ချဲလ်ဆီး အသင်းထံ ကစားသမား ၁၃ ယောက် ပြန်ရောက်လာခဲ့ကြရာမှာ အားလုံးက ဒဏ်ရာ ကင်းစင်နေတာကြောင့် သတင်းကောင်း ဖြစ်နေပါတယ်။
ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ သူသာဆိုရင် ကော်နာ ဂလယ်ဟာ ကို ပုံမှန် ပွဲထွက်ခွင့်တွေ ၊ ခြေစွမ်း တိုးတက်မှုတွေ ရှိစေဖို့ နောက်တရာသီ အငှားထပ်ချဖို့ ရွေးချယ်မိမှာ ဖြစ်ကြောင်း အကြံပြုသွားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ အတွင်း လိုက်ပ်ဇစ် အသင်းရဲ့ ပြင်သစ် လက်ရွေးစင် စတား ခရစ်တိုဖာ အန်ကန်ကူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ၊ တိတ်တဆိတ် ဆေးစစ်မှုပါ ပြုလုပ်နိုင်ခဲ့ကြောင်း The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် ဖြစ်သူ မတ်လောရဲ့ အဆိုအရ သိရပါတယ်။