ရုန်းရမယ့် ချန်ပီယံလိဂ်ပွဲ၊ ပေါ်တာ အတွက် တယ်ရီ မှတ်ချက်၊ အန်ကွန်ကူ အကြိုသဘောတူညီမှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ စုစည်းမှု

ဗုဒ္ဓဟူးနေ့ညမှာ ယခုတပတ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ မှ Big Match ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အေစီမီလန် အသင်းတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားဖို့ ရှိပါတယ် ။ ဒါဟာ အုပ်စု E ကို ဦးဆောင်နေတဲ့ အသင်းနဲ့ ဇယား အောက်ဆုံး ရောက်နေတဲ့ အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

အရှေ့ ၂ပွဲမှာ တမှတ်သာ ရခဲ့တဲ့ ချဲလ်ဆီး အတွက် ဒီပွဲမှာ အနိုင် ၃မှတ် အပြည့် ရဖို့ ပိုအရေးကြီးနေပြီး ၊ ဒီပွဲ နိုင်မှသာ နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်နှစ် နွေမှာ လိုက်ပ်ဇစ် တိုက်စစ်သမား အန်ကွန်ကူ ကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရယူထားခဲ့ပြီ ဖြစ်ကြောင်း အင်္ဂလန် သတင်းတွေက အတည်ပြု ဖော်ပြလာပါတယ်။

ချဲလ်ဆီးနည်းပြသစ် ပေါ်တာနဲ့ ပတ်သတ်ပြီး ဂျွန်တယ်ရီ က ” ချဲလ်ဆီး နည်းပြ ရာထူးဟာ ဂရေဟမ် ပေါ်တာ အတွက် အရမ်း ကြီးလေးလွန်းတယ်လို့ ကျွန်တော် မထင်မိပါဘူး ။ ဘရိုက်တန်မှာ သူ စွမ်းဆောင်ပြခဲ့တာတွေက အံ့မခန်းဖြစ်ပြီး ၊ ဒါကို သူတို့ လက်ရှိ အဆင့် ရပ်တည်မှုကို ကြည့်ပြီး သိနိုင်မှာပါ ။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် တယ်ရီကတော့ ၎င်းရဲ့ အသင်းဟောင်း အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အကြောင်း အခုကတည်းက မေ့ပစ်ပြီး ၊ ရှုံးထွက်ဖလား တလုံးလုံးနဲ့ Top 4 ကိုသာ မျှော်မှန်းသင့်ကြောင်း အကြံပြုခဲ့ပါတယ် ။

ချဲလ်ဆီးနဲ့ အတူ ပဲလေ့စ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အပေါ် အူဘားမီးယန်း က ” တိုက်စစ်မှူး တယောက် ဖြစ်တဲ့ အလျောက် ခင်ဗျားဟာ အသင်းသစ်နဲ့ အတူ စောစောစီးစီး ဂိုးစရထားချင်ပါတယ် ။ ချဲလ်ဆီး ကစားသမား ဘဝ အစောပိုင်းမှာပဲ ဂိုးအရင် သွင်းနိုင်ခဲ့တာက ကျွန်တော့ကို စိတ်သက်သာရာ ရစေခဲ့ပါတယ် ။ ” လို့ ဝမ်းမြောက်စကား ဆိုခဲ့ပါတယ်။