ရော်နယ်ဒို ကို ခေါ်ထားပြီး နေရာမပေးနိုင်လို့ အမြန်ဆုံး ရောင်းထုတ်ဖို့ စဉ်းစားလာတဲ့ မန်ယူနည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းကြယ်ပွင့် တိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖွယ် ရှိနေပြီး PSV အသင်းရဲ့ လူငယ် တိုက်စစ်ကစားသမားလေး ကိုဒီ ဂက်ပိုကို ပြန်လည် ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ရဲ့ အရန်ခုံက ကစားသမား ဖြစ်ခဲ့ရတဲ့ ရော်နယ်လ်ဒိုဟာ ဒီနှစ် ဘောလုံးရာသီအတွင်းမှာ အသင်းအတွက် (၃)ပွဲသာ ပွဲဦးထွက် ကစားခဲ့ရပေမယ့်လည်း ပွဲတိုင်းနီးပါး ပါဝင်ခဲ့ရပြီး မန်ချက်စတာဒါဘီမှသာ အခုလို လူစားဝင် ကစားရခြင်းမရှိတဲ့ အရန်ကစားသမား ဖြစ်ခဲ့ရပါတယ်။
ဒီအခြေအနေအပေါ် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ရော်နယ်လ်ဒိုလို ထိပ်တန်းကစားသမားကြီးအတွက် ဆိုးရွားတဲ့ ပွဲရလဒ်အောက်မှာ ပါဝင်ကစားစေဖို့ အဆင်မပြေနိုင်တာကြောင့် လေးစားသမှုနဲ့ ထည့်သွင်းခြင်း မပြုခဲ့တာလို့ ရှင်းပြခဲ့ပေမယ့် ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းကတော့ အသင်းက ရော်နယ်လ်ဒို အပေါ်မှာ လေးစားမှု မရှိဘူးလို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

တယ်လီဂရပ်ဖ် သတင်း အဆိုအရ ရော်နယ်လ်ဒို အနေနဲ့ လာမယ့် ဆောင်းဈေးကွက်အတွင်းမှာသာ အသင်းကနေ ထပ်မံ ထွက်ခွာသွားချင်တယ်ဆိုရင် နည်းပြတန်ဟက်ဂ်နဲ့ ယူနိုက်တက်အသင်း တာဝန်ရှိသူများက ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းပေးသွားဖို့ ဆန္ဒရှိနေသလို ရော်နယ်လ်ဒိုအေးဂျင့် မန်ဒက်စ်ကလည်း သူ့ ကစားသမားအတွက် ကလပ်အသင်းတွေကို ဆက်လက် ရှာဖွေပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်းသာ ပွဲထွက်ကစားထားရပြီး ပရီးမီးယားလိဂ်သွင်းဂိုးလည်း တစ်ဂိုးမှကို သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမယ့်လည်း ပေါ်တူဂီသားဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ သွားလိုနေပြီး သူရဲ့မိခင်ကလည်း ရော်နယ်လ်ဒိုက သူရဲ့ကလပ်အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းဆီကို တစ်နေ့ ပြန်လာလိမ့်မယ်လို့ အခိုင်အမာ ပြောဆိုထားခဲ့ပါတယ်။
ဒါပေမယ့် မြင့်မားလှတဲ့ လုပ်ခလစာကတော့ ရော်နယ်လ်ဒိုကို စပို့တင်း ပြန် ခေါ်ယူဖို့ အတော်လေး ခက်ခဲရဖွယ် ရှိနိုင်ပါတယ်။