မန်စီးတီးနဲ့ ပွဲနားချိန်မှာ မန်ယူအသင်းဖော်တွေအား ဟိန်းဟောက် ဆူပူခဲ့ကြတဲ့ ဖာနန်ဒက်စ်နဲ့ မာတီနက်ဇ်

ဘရူနို ဖာနန်ဒက်စ်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို ၆-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီး မန်ချက်စတာယူနိုက်တက် အသင်းဖော်တွေကို ဒေါသတကြီး အော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။

နည်းပြ အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်း ၄၅ မိနစ်အတွင်းမှာ ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည် ပြသ ခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းက ပထမပိုင်းအပြီးမှာတင် ၄ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ တိုးတက်လာတဲ့လက္ခဏာတွေ ပြသခဲ့ပေမယ့်လည်း ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ ဟက်ထရစ်သွင်းဂိုးတွေကြောင့် မလုံလောက်ခဲ့ဘဲ အိမ်ရှင် မန်စီးတီးက သက်တောင့်သက်သာ အနိုင် ၃ မှတ် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်နဲ့ မာတီနက်ဇ်တို့ဟာ ပထမပိုင်း ပွဲကစားချိန်အပြီးမှာ အသင်းဖော်တွေကို ဒေါသပေါက်ကွဲခဲ့ကြပြီး အော်ဟစ်ကြိမ်းမောင်းသံတွေကို အဝတ်လဲခန်းအပြင်ဘက်က ကော်ရစ်ဒါတလျှောက်လုံးတောင် ကြားနေခဲ့ရတယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ဟာ ဟာရီ မက်ဂွိုင်းယားမပါဝင်မှုကြောင့် အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ခဲ့တာဖြစ်ပြီး မာတီနက်ဇ်ကလည်း အဝတ်လဲခန်းအတွင်းမှာ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းမှုမှာ ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိအောင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ခံယူချက်နဲ့ ယုံကြည်ချက်က အစပိုင်းကတည်းက အကောင်းဆုံးမဟုတ်ခဲ့ဘဲ အဲဒါက ကျွန်တော်တို့ကို ပြဿနာတွေ အများအပြားဖြစ်စေပြီး အစောပိုင်းဂိုးတွေ ပေးခဲ့ရစေတယ်။ ပထမပိုင်းအပြီးမှာတော့ ကျွန်တော်တို့ ရလဒ်ကောင်းရဖို့ ပြန်ကြိုးပမ်းခဲ့ပြီး ဒုတိယပိုင်းက အများကြီး ပိုကောင်းမွန်ခဲ့ပါတယ်”

“ကျွန်တော်တို့ ပိုပြီးတော့ ထိန်းချုပ်မှု ဆက်လုပ်ထားတယ်။ ပွဲကို ပိုပြီးတော့ ထိန်းချုပ်ထားတယ်။ ကျွန်တော်တို့ ဘောလုံးရတဲ့အချိန်တိုင်း ကျွန်တော်တို့က ပိုပြီးတော့ ရဲရင့်ပါတယ်။ ကျွန်တော်တို့ တကယ်စိတ်ပျက်ခဲ့မိပေမယ့် အခုက နောက်ပွဲအတွက် အာရုံစိုက်ရမယ့်အချိန်ဖြစ်ပြီး ကျွန်တော်တို့ အရင်တုန်းကလုပ်ခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း ပြန်ရအောင် လုပ်ရမယ်ဆိုတာကို နားလည်ရမယ့်အချိန်ပါ”

“ယုံကြည်မှုတွေနဲ့ အရာအားလုံး အတူတကွ လိုက်နာကျင့်ကြံမှုတွေနဲ့ ဒီအရာက ကျွန်တော်တို့ကို စိတ်ပျက်အောင် လုပ်လို့မရနိုင်ဘူးဆိုတာကို နားလည်ဖို့ လိုပါတယ်”လို့ ဖာနန်ဒက်စ်က မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။