စီ ရော်နယ်ဒို ကို ချယ်ဆီး ခေါ်တော့မလား မေးခွန်း ထုတ်ခံရတဲ့ အပေါ် နည်းပြ ပေါ်တာ တုန့်ပြန်

ချယ်ဆီးအသင်း နည်းပြ ဂရေဟမ်ပေါ်တာ ဟာ ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှုအကြောင်း မေးခွန်း ထုတ်ခံခဲ့ရသလို ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပတ်သက်လို့လည်း မေးမြန်းခံခဲ့ရပြီး ပေါ်တာက ဖြေဆိုဖို့ ငြင်းဆန် ပယ်ချခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး စီ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေက အသင်းပြောင်း သတင်း များစွာ ထွက်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ရာသီကြို ကာလအများစုကို လွဲချော်ခဲ့တဲ့ ရော်နယ်ဒိုဟာ နွေကာလတုန်းက ကလပ်များစွာရဲ့ ငြင်းဆန်ခြင်း ခံခဲ့ရပါတယ်။

ရော်နယ်ဒို ကို စိတ်ဝင်စားခဲ့တဲ့အသင်းတွေထဲမှာ ချယ်ဆီးလဲပါဝင်ပြီး အသင်းပိုင်ရှင် တော့ဒ်ဘိုးလီဟာ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ စကားပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ နည်းပြတူချယ်က ဘိုးလီလောက် ရော်နယ်ဒိုကို စိတ်မဝင်စားခဲ့တာကြောင့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် အခု တူချယ် မရှိတော့တာနဲ့အတူ ရော်နယ်ဒိုနဲ့ ချယ်ဆီးကို ထင်ကြေးပေးမှုတွေ ပြန်ပေါ်ထွက်လာခဲ့ပါတယ်။
မန်စီးတီးကို အပြတ်အသတ် အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း အရန်ခုံသာ ထိုင်ခဲ့ရတဲ့နောက် ရော်နယ်ဒိုရဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်မှုတွေက ပိုပြင်းထန်လာခဲ့ပါတယ်။

ဒါပေမယ့် ချယ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ခပ်ပြတ်ပြတ် ဖြေကြားခဲ့ပြီး သူ့အသင်းက မဟုတ်တဲ့ တခြား ကစားသမားတွေအကြောင်းကို ဆွေးနွေးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီ မေးခွန်းတွေနဲ့ပဲ တနေ့လုံး အချိန်ဖြုန်းလို့ရတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့အကြောင်း ပြောမှာမဟုတ်ဘူး။ ကိုယ့်အသင်းက မဟုတ်ရင် တခြားကစားသမားတွေအကြောင်း ကျွန်တော်မပြောဘူး” လိူ့ ပေါ်တာက ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် စီ ရော်နယ်ဒို ဟာ စိတ်ပျက်စရာ နွေရာသီအပြီး ရာသီသစ်မှာလဲ စိတ်ဆင်းရဲစရာ ဖြစ်ခဲ့ရတာပါ။ ယူနိုက်တက်ထံ ပြန်လာခဲ့တဲ့ ပထမရာသီမှာ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့တဲ့ အသက် ၃၇နှစ်အရွယ် ကစားသမားဟာ နွေရာသီတုန်းက ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်ခဲ့တာပါ။