ဒီရာသီ ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ် ပထမဆုံးနိုင်ပွဲ ရခြင်း၊ နည်းပြ ပေါ်တာ ချီးကျူးခံရတဲ့ အသင်းသား
ချဲလ်ဆီးအသင်း ကတော့ ညက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် အေစီမီလန်အသင်းကို ဧည့်ခံကစားခဲ့ရာမှာတော့ ဖိုဖာနာ၊ အူဘာမီယန်း၊ ဂျိမ်းစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃-၀ ဆိုတဲ့ ဂိုးပြတ်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ ချဲလ်ဆီးအတွက်တော့ ချန်ပီယံလိဂ် အုပ်စု ၃ ပွဲ ကစားပြီးချိန်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အေစီမီလန်နဲ့ ပွဲက ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းဟာ နည်းပြ ပေါ်တာ ကိုင်တွယ်ပြီးနောက် အကောင်းဆုံးခြေစွမ်းလို့ ပြောလို့ရပြီး ပြိုင်ဘက်အသင်းကို တောက်လျှောက် ဖိအားပေးကစားခဲ့ကာ ဒုတိယပိုင်းမှာလည်း ကစားအားမချခဲ့ဘဲ ဆက်ကစားခဲ့တာကြောင့် အခုလို ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် ၂ပွဲမှာ ဒိုင်နမိုဇာဂရက်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲမှာလည်း ဆဲလ်ဘတ်ကို အိမ်ကွင်းမှာ ၁-၁ သရေရလဒ်သာ ရယူနိုင်ခဲ့ကာ ဒီနေ့နိုင်ပွဲကတော့ ချဲလ်ဆီးအသင်းအတွက် တော်တော်လေး အရေးပါတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။
ဒီပွဲ အပြီးမှာ နည်းပြ ဂရေဟမ် ပေါ်တာက ချဲလ်ဆီး အစွန်ခံစစ်သမား ရိစ် ဂျိမ်းစ်ကို အထူး ချီးကျူးခဲ့သေးပြီး ဂျိမ်းစ်သာ ဒီအတိုင်း ဆက်သွားရင် ဂျွန်တယ်ရီနဲ့ လမ်းပတ်တို့လို အသင်း ဂန္တဝင်တစ်ဦး ဖြစ်လာမယ်လို့လည်း အားပေးသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။