ဗီအဲရာ ကို အားမရသေးတဲ့ အာတီတာ၊ အာဆင်နယ်မှာဆို အစွမ်းပြမယ့် ဆန်ချို၊ ဂျေးဆု ပရိသတ်နှိုင်းယှဉ်မှုနဲ့ ယနေ့ အာဆင်နယ် သတင်းများ

မနေ့ညက အမ်းမရိတ်ကွင်းမှာကစားတဲ့ အာဆင်နယ်နဲ့ ဘိုဒိုဂလင့်တို့ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်က ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲချိန်မိနစ် ၃၀ မပြည့်ခင်မှာပဲ အာဆင်နယ်အတွက် အန်ကီတီယား၊ ဟိုးလ်ဒင်းတို့က ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် မြောက်လန်ဒန်ကလပ်က ပွဲကိုထိန်းချုပ်ခွင့် ရရှိခဲ့ပါတယ်။

နည်းပြ အာတီတာက ယမန်နေ့ည ယူရိုပါလိဂ်ပွဲစဉ်မှ ကွင်းလယ်လူ ဖေဘီယိုဗီအဲရာရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပေမယ့် ဒီထက် ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ကြောင်း ပြောလာခဲ့ပါတယ်။

ဗီအဲရာဟာ ပေါ်တိုကနေ ရောက်ရှိလာခဲ့ပြီးနောက် အမ်းမရိတ်မှာ ရလာတဲ့ အခွင့်အရေးတိုင်း အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း ကောင်းမွန်တဲ့ သွင်းဂိုးတစ်ခုကို သွင်းယူပေးခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ယမန်နေ့ည ဘိုဒိုဂလင့်နဲ့ ပွဲစဉ်မှာလည်း ၁ဂိုး ဖန်တီးကာ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂါဘရီရယ် ဂျေးဆု က အာဆင်နယ် ပရိသတ်တွေရဲ့ အားပေးပုံ ဟာ မန်စီးတီး ပရိသတ်တွေ နဲ့ အတော်လေး ကွာခြားမှု ရှိတယ်လို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေရဲ့ အားပေးကြိုဆိုကြတာတွေက ရင်းနှီးနွေးထွေးတယ်လို့ ဂျေးဆု က ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ရဲ့ လက်ရှိ စာချုပ်ဟာ နောက်နှစ်နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေ အများအပြား ရှိနေပါတယ်။ အဲဒီထဲမှာ အာဆင်နယ်အသင်း လည်း ပါဝင်နေတယ်လို့ Football Insider က ဖော်ထုတ်ထားပါတယ်။

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာက ဒီရာသီမှာ ခြေစွမ်းပြကစားလာနိုင်ကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုအချို့ ပြုလုပ်လာနိုင်တဲ့ အကယ်ဒမီထွက် တိုက်စစ်ကစားသမား အက်ဒီ အန်ကတ်တီယာ ရဲ့ ခြေစွမ်းပိုင်း က ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာ ခြေစွမ်းပိုင်း တိုးတက်မှုရှိဖို့ ရုန်းကန်ခဲ့ရပေမဲ့ ထပ်မံတိုးတက်ဖို့ အလားအလာရှိသေးတယ် လို့ ဆိုလိုက် ပါတယ်။

မန်ချက်စတာ ယူနိုက်တက် မှာ ရုန်းကန်နေရတဲ့တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချို အနေနဲ့ အာဆင်နယ် မှာသာဆို ခြေစွမ်းပြ ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ဘောလုံး သုံးသပ်သူ ဂျေဆန်ကန်ဒီ က သုံးသပ် ပြောကြား လိုက်ပါတယ်။