ပြိုင်ဘက် အသင်းသားပေမယ့် ဂိုး ၇ဝဝ ပြည့်ပြီး ထူးချွန်လွန်းတဲ့ ရော်နယ်ဒို ကို အဲဗာတန် နည်းပြ လမ်းပတ် ထုတ်ဖော် ချီးကျူး

တနင်္ဂနွေနေ့ညက အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိစေမယ့် ဦးဆောင်ဂိုးကို သွင်းယူပေးပြီးနောက် ကလပ်အသင်းအဆင့် ဂိုး ၇၀၀ ပြည့် မိုင်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုကို ဝိုင်းဝန်း ချီးကျူးမှုတွေကတော့ သောသောညံနေခဲ့ပါတယ်။

ပေါ်တူဂီဝါရင့်တိုက်စစ်မှူးဟာ ဂွတ်ဆီဆင် ပါ့ခ်မှာ ပထမပိုင်းအတွင်း ဒဏ်ရာရရှိခဲ့တဲ့ အန်သိုနီ မာစီယယ်လ်ရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး လူစားဝင်လာပြီးနောက် ၁၄ မိနစ်အကြာမှာပဲ အသင်းကို ၂-၁ နဲ့ ဦးဆောင်နိုင်အောင် ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စပို့တင်းလစ္စဘွန်းမှာ ဆယ်ကျော်သက်ကစားသမားဘဝ ပထမဆုံး ကလပ်အသင်း သွင်းဂိုးကို သွင်းယူပြီးနောက် နှစ်ပေါင်း ၂၀ နဲ့ ၂ ရက်ကြာမှာပဲ သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ထူးခြားတဲ့ သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ လီယွန်နယ် မက်ဆီထက် ကလပ်အသင်း ၁၀ ဂိုး အသာမှာ ရပ်တည်နေပါတယ်။

ရော်နယ်လ်ဒိုဟာ ကစားသမားဘဝတလျှောက် ကလပ်အသင်း စုစုပေါင်း ၄ သင်းအတွက် ကစားပေးခဲ့သူဖြစ်ပြီး စပို့တင်းအတွက် ၃၁ ပွဲမှာ ၅ ဂိုး၊ မန်ယူနိုက်တက်အတွက် ပထမကာလတုန်းက ၂၉၈ ပွဲမှာ ၁၁၈ ဂိုး၊ ရီးရဲလ်အတွက် ၄၃၈ ပွဲမှာ သွင်းဂိုး ၄၅၀၊ ဂျူဗင်တပ်အတွက် ၁၃၄ ပွဲမှာ ၁၀၁ ဂိုး၊ မန်ယူနိုက်တက်နဲ့ ဒုတိယကာလမှာ ၄၈ ပွဲကစားပေးထားရာမှာ ၂၆ ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နည်းပြ ဖရန့်ခ် လမ်းပတ်က ကြာသပတေးနေ့မှာ ရော်နယ်လ်ဒို အခွင့်အရေးတွေလွဲချော်တာမြင်ကတည်းက ကြောက်ရွံ့နေခဲ့ပြီး ပေါ်တူဂီကြယ်ပွင့် တနင်္ဂနွေနေ့ပွဲမှာ သွင်းဂိုး ၇၀၀ ပြည့်ဖို့ အားခဲထားမှာ စိုးရိမ်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ ကစားသမားဘဝမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရင်ဆိုင် ခဲ့ဖူးသူဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီကြယ်ပွင့်ရဲ့ အသင်းကို ဒီအသက်အရွယ်အထိတောင် ကူညီပေးနိုင်ဆဲဆိုတာကို မြင်တွေ့ရတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။

“အဲဒါက အရမ်းကို ထူးချွန်ပါတယ်။ သူက ဘောလုံးပြိုင်ပွဲကို ထွန်းလင်းစေတဲ့ တသက်တာ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးပါ။ ဒီခေတ်မှာဆိုရင် ကျွန်တော်တို့ သူနဲ့ လီယွန်နယ် မက်ဆီတို့ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ကြားက နှိုင်းယှဉ်မှုတွေက အရေးမပါပါဘူး။ သူတို့ ၂ ယောက်စလုံးက ဘောလုံးသမိုင်းမှာ မယုံနိုင်စရာ ကစားသမားတွေပါ”

“သူတို့တွေ သွင်းယူခဲ့တဲ့ ကိန်းဂဏန်းတွေကြောင့် သာမန်မဟုတ်တဲ့ ကိန်းဂဏန်းတွေတောင် သာမန်ဖြစ်လာတယ်။ သူ ၆၉၉ ဂိုးဖြစ်နေခဲ့ချိန်တုန်းက ယူရိုပါလိဂ်မှာ ဂိုးသွင်းစေချင်ခဲ့တယ်။ ဒီညမဟုတ်ဘဲ တခြားညမှာ သွင်းစေချင်ခဲ့ပေမယ့် အဲဒီလို မဖြစ်ခဲ့ဘူး”လို့ အဲဗာတန် နည်းပြ လမ်းပတ်က ချီးကျူး ပြောကြားသွားခဲ့ပါတယ်။