အဖွင့် ၃ပွဲဆက် ဂိုးသွင်းတဲ့ အန်တိုနီ၊ တော်မီနေး ပြောတဲ့ တန်ဟက် နွေးထွေးမှု၊ ဒိုလေးအတွက် ပျော်နေကြသူများနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဘာစီလိုနာအသင်းဟာ နောက်နှစ် ၂၀၂၃ နွေမှာ ယူနိုက်တက် ညာအစွန်လူ ဒါလော့ကို ခေါ်ယူရေးအား ဦးစားပေး အဖြစ် သတ်မှတ် ထားကြောင်း စပိန် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက် က မနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ အဲဗာတန် ကို အဝေးကွင်းမှာ ၂-၁ နဲ့ နိုင်ခဲ့ ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ဟာ မန်ယူအသင်းအတွက် ဒုတိယဂိုး ကို သွင်းပေးခဲ့ပြီး သူ့ရဲ့ ကလပ် အသင်း ကစားသမား ဘ၀ သွင်းဂိုး အရေအတွက် ကို ၇၀၀ ပြည့်မြောက် သွားစေခဲ့ပါတယ်။

ရော်နယ်ဒို ရဲ့ ကလပ် ရော နိုင်ငံအသင်းမှာပါ အသင်းဖော် အဖြစ် ကစားနေတဲ့ ဘရူနို ဖာနန်ဒက်စ် က မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ ရော်နယ်ဒို ဂိုး ရာပြည့် သွင်းနိုင်ခဲ့မှုအပေါ် အလွန် ဝမ်းမြောက် ပျော်ရွှင် ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘင်ဖီကာရဲ့ ဆယ်ကျော်သက် ဗဟိုခံစစ်မှုးလေး အန်တိုနီယို ဆေးလ်ဗား ကို စောင့်ကြည့်ဖို့ ပြီးခဲ့တဲ့ အပတ်က ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ကစားသမားလေး ဟာ ဘင်ဖီကာ အသင်းကြီး အတွက် ၈ ပွဲ ထိ ကစားထားပြီ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၃ သန်း ဝန်းကျင် ရှိပါတယ်။

တိုက်စစ်မှုး အန်တိုနီ က ယူနိုက်တက် အတွက် အဖွင့် လိဂ်ပွဲ ၃ ပွဲ ဆက်တိုက် ဂိုးသွင်း နိုင်တဲ့ မှတ်တမ်းကို စိုက်ထူ နိုင်ခဲ့သလို ရလ်ကနေ ပြောင်းလာပြီး အရန်ခုံ အထိုင် များနေရတဲ့ ကက်စမဲရိုး ကလည်း ပွဲထွက်စာရင်းမှာ ပါလာခဲ့ပြီး Man of the Match ရတဲ့ထိ ပုံစံကောင်း ပြခဲ့ပါတယ်။

မန်ယူနိုက်တက် ကွင်းလယ် ကစားသမား မက် တော်မီနေးက နည်းပြ အဲရစ် တန်ဟက် က ကစားသမားတွေ ကို လေ့ကျင့်ပေးရမှာလည်း တော်သလို ချဉ်းကပ် နှစ်သိမ့်ပေးတာလည်း တော်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

မန်ယူရဲ့ အာရှ ရာသီကြို ခရီးစဉ် သွားတုန်းက တန်ဟက်ဟာ တော်မီနေးအား မိသားစုတွေ အခြေအနေ ကို မေးမြန်းခဲ့ပြီး ထိုသို့ ချဉ်းကပ်ခဲ့တာက ရင်းနှီးနွေးထွေးစေခဲ့ကာ နည်းပြ အတွက် အားထုတ် ကစားပေးလိုစိတ်တွေ ဖြစ်ခဲ့ရကြောင်း တော်မီနေးက ဆိုခဲ့တာပါ။

ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ ရှိနေတာ ၂ နှစ်ခွဲကြာ ရှိနေသလို ရာသီကြိုကိုလည်း အကောင်းဆုံး ပါဝင်ထားနိုင်တာပေမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ရေး ကြံ့ခိုင်မှုပိုင်း ပြသဖို့ လိုအပ်တယ်လို့ နည်းပြတန်ဟက်က သတိပေးပါတယ်။