မန်ယူ ဂန္တဝင် ရွိုင်ကိန်း ရွေးချယ်သွားတဲ့ လက်ရှိ ပရီးမီးယားလိဂ်က အကောင်းဆုံး နည်းပြ ၃ ယောက်
မန်ယူ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း သူ့အတွက် ပရီးမီးယားလိဂ်က လက်ရှိ ထိပ်တန်းနည်းပြ ၃ ဦး ကို ရွေးချယ် သွားခဲ့ပါတယ်။ ဒီထဲမှာ ရွိုင်ကိန်း က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ နည်းပြ တန်ဟက်ကို မရွေးခဲ့ပါဘူး။
ရွိုင်ကိန်း က စကိုင်းစပေါ့ Monday Night Football မှာ စကားပြောဆိုရာမှာ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးနည်းပြ ၃ ဦးက ဘယ်သူတွေလဲ ဆိုတာ အခုလို ဆွေးနွေး သွားခဲ့ပါတယ်။
” ကျွန်တော် သဘောကျတဲ့ နည်းပြတွေလား။ ကျွန်တော်ကတော့ ပက်ကို အချိန်အကြာကြီး သဘောကျခဲ့ပါတယ်။ သူ အသင်းကို လုပ်ပေးနေတဲ့အရာတွေကြောင့်လို့ ထင်တယ်။ လူတွေက သူက အမြဲတမ်း အကြီးမားဆုံးဘတ်ဂျက်နဲ့ အကြီးမားဆုံးအသင်းတွေက အကောင်းဆုံး ကစားသမားတွေနဲ့ အလုပ်လုပ်နေတာဘာညာပြောကြတယ်။ ဒါပေမယ့် သူ့အနေန့ သူတို့နဲ့ အလုပ်လုပ်ရသေးပြီး သူတို့ကို စီမံခန့်ခွဲရတယ်။ ကစားဟန်ကို ရှာဖွေရပါတယ်။

နောက်ပြီး ကျွန်တော် ဘရန့်ဖို့ဒ် နည်းပြကို နှစ်သက်တယ်။ သောမတ်စ် ဖရန့်ခ်ကို သဘောကျတယ်။ သူ ပြသနေတဲ့ ပုံစံကို သဘောကျတယ်။ သူတို့တွေ ချန်ပီယံရှစ်မှာ ရှိနေခဲ့တဲ့အချိန်တုန်းကတောင် ကျွန်တော် သူ့ကို သဘောကျခဲ့တယ်။ တကယ်ကို ကောင်းမွန်တဲ့သူပါ။
ပြီးတော့ ချဲလ်ဆီးက ဂရေဟမ် ပေါ်တာ ကို နှစ်သက်တယ်။ သူ့အသင်းကစားတဲ့ပုံစံကို ကျွန်တော် သဘောကျပြီး သူ မီဒီယာတွေမှာ ပြောတဲ့ပုံစံမျိုး သဘောကျတယ။
ချဲလ်ဆီးလို အသင်းကြီးမှာ သူ အခွင့်အရေး ရတာကို ကျွန်တော် ဝမ်းမြောက် ပျော်ရွှင်မိပါတယ်။ သူ့အနေနဲ့ အသင်းကြီး၊ ကြီးမားတဲ့အတ္တတွေကို ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ ပြောဆိုမှုတွေရှိပါတယ်။ ဒါပေမယ့် ဒီလူ့ကို အခွင့်အရေး ပေးလိုက်တယ်။ သူ တကယ်ကို ကောင်းကောင်း အခြေကျသွားခဲ့ပါတယ်။
ပေါ်တာ အင်တာဗျူးမှာ စကားပြောတိုင်း သူ တကယ်ကောင်းကောင်း လုပ်နိုင်တယ်လို့ ထင်တယ်။ အဲဒီတော့ ဒီလူတွေက ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ်က အကောင်းဆုံးနည်းပြ ၃ ဦးပါ။ ” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။