မက်ဆီ ပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့ သွင်းဂိုး ၇ဝဝ စံချိန်ကို ပေါ့ပေါ့ပါးပါး ရယ်မောနေကြပါပြီ

စီ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ ဂိုး သွင်းပြီးနောက် ကစားသမားဘဝ ကလပ် သွင်းဂိုး ၇ဝဝ ပြည့်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာတာကြောင့် ချီးကျူးသံတွေ သောသောညံခဲ့ပါတယ်။ ဒါပေမယ့် ဒိုလေးရဲ့ ခေတ်ပြိုင် လီယွန်နယ် မက်ဆီရဲ့ ပရိသတ်တွေအတွက်တော့ ရယ်စရာဖြစ်လာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီးအနေနဲ့ ဂိုး ၇၀၀ ပြည့်သွားခဲ့ချိန်မှာ မသိရင် အမြဲတမ်း ပြိုင်ဘက် မက်ဆီနဲ့ပဲ တစ်ကမ္ဘာလောက် ဝေးနေသလိုမျိုး သူ့ပရိသတ်တွေက ပြောနေကြပေမယ့် တကယ်တမ်းမှာ အာဂျင်တီးနားသားကြီး ဘယ်လောက် သွင်းထားသလဲဆိုတာကို ပြောပြလိုက်ရင် မသိသေးတဲ့ ပရိသတ်တွေ အံ့ဩသွားကြမှာပါ။

မန်ယူတိုက်စစ်မှူးအနေနဲ့ ဂိုး ၇၀၀ ပြည့်ခဲ့ချိန်မှာ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ သွင်းဂိုးကတော့ ၆၉၁ ဂိုးဖြစ်နေလို့ အခြေအနေပေးရင် ဒီနှစ်ထဲမှာတောင် လိုက်မီသွားနိုင်တာဖြစ်ပြီး လောလောဆယ်မှာ ခြေသလုံး ဒဏ်ရာနဲ့ တစ်ပတ် ဆယ်ရက်လောက် နားရမယ့် မက်ဆီကြောင့်သာ ရော်နယ်လ်ဒို ကံကောင်းသွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အသက် နှစ်နှစ်ငယ်တဲ့ မက်ဆီအနေနဲ့ ရော်နယ်လ်ဒိုကို ခြေစွမ်းအမြင့်ဆုံးအဆင့်မှာ ကစားနိုင်သေးတဲ့ အချိန် အားဖြင့်လည်း ခြိမ်းခြောက်နေခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ၁၃ ဂိုးသာ ကွာတော့တဲ့ အမြင့်ဆုံးစံချိန်ကို ဖြုတ်ချဖို့ သွေးတိုးစမ်းနေပြီဖြစ်သလို ကလပ်အသင်းသွင်းဂိုး ၉ ဂိုးကိုလည်း မကြာခင်မှာ လိုက်မီနိုင်ဖို့ များနေတာပါ။

ရော်နယ်လ်ဒိုအနေနဲ့ ဒီသွင်းဂိုး ၇၀၀ ပြည့်မြောက်ဖို့ အတွက် ပွဲပေါင်း ၉၂၃ ပွဲ အချိန်ယူခဲ့ရပြီး မက်ဆီကတော့ ၈၂၅ ပွဲ မှာ ၆၉၁ ဂိုးသွင်းထားတာ ဖြစ်သလို ပေါ်တူဂီသားအနေနဲ့ ဖန်တီးမှု ၁၄၂ ကြိမ် ပြုလုပ်ထားချိန်မှာ မက်ဆီ ကတော့ ၂၄၈ ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပြီး မကြာခင်မှာ ပိုမိုကောင်းမွန်တဲ့ GOAT အဖြစ် စံချိန်တင်နိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။