ပီအက်စ်ဂျီနဲ့ ခွာပြဲတော့မယ့် အမ်ဘာပေ ကို မန်ယူက အရခေါ်ဖို့ အေးဂျင့်ပါ ဝင်လုပ်ပေးမယ်လို့ ဖာဒီနန် တက်ကြွစွာ တိုက်တွန်း
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ပီအက်စ်ဂျီ ကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေ ကို အခွင့်အရေး ရရင် ရအောင် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။
အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာမှ ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် ပီအက်စ်ဂျီက သူ့အား ကတိပေး ထားတဲ့ ကိစ္စရပ်တွေကို အကောင်အထည် မဖော်ပေးနိုင်တာကြောင့် အသင်းကနေ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။
အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင်သူ ဖြစ်သလို သူ့ရဲ့ အသက်အရွယ် ခြေစွမ်းနဲ့ အလားအလာကောင်းတွေကြောင့် သူသာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ် ဆိုရင် ပရီးမီးယားလိဂ်မှ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ လီဗာပူးနဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။

ရီယို ဖာဒီနန်ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ဟာ အမ်ဘာပေကို မဖြစ်မနေ ရအောင် ခေါ်ယူသင့်တယ် လို့ ယူဆနေပြီး သူ့ရဲ့ တွစ်တာအကောင့် ကနေ တိုက်တွန်းသွားခဲ့ပါတယ်။
ဖာဒီနန်က – “ယူနိုက်တက်ရေ ဘာပေကို ခေါ်လိုက်ကြရအောင်။ အေးဂျင့် ရီယိုက ဒီအပြောင်းအရွှေ့ ပြီးအောင် လုပ်ပေးမယ်” ဆိုပြီး မန်ချက်စတာ ယူနိုက်တက်ကို အမ်ဘာပေအား ခေါ်ယူရန် တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဖာဒီနန်က အမ်ဘာပေကိုလည်း ယူနိုက်တက် ရှိရာ အင်္ဂလန်မြေဆီ ပြောင်းလာဖို့ အကြံပေးခဲ့ပါသေးတယ်။
ဖာဒီနန်က – “ကိုင်လီယန်… ငါတို့တွေက စကားတွေ အများကြီး ပြောဖူးတယ်နော်။ ငါ့ဆီကိုသာ လာခဲ့ပါ။ ငါနဲ့ စကားလာပြော။ ငါက မင်းအတွက် ဒီအပြောင်းအရွှေ့ ဖြစ်အောင် လုပ်ပေးမယ်။ (ယူနိုက်တက်ဆီသို့ ပြောင်းရွှေ့ဖို့ ရည်ရွယ်လျက်) ငါ့ဆီကိုပဲ လာခဲ့။ ငါတို့ တယောက်ချင်း စကားပြောကြမယ်။
ငါတို့တွေ နောက်ဆုံး အင်တာဗျူး လုပ်ခဲ့တုန်းက မင်းရဲ့ အင်္ဂလိပ်စာ စကေးက တကယ်ကို ကောင်းပါတယ်။ ဒီတော့ ငါတို့တွေ စကားထပ်ပြောရအောင်။ ငါက မင်းကို ဘောလုံး ပြန်ကစားနိုင်အောင် ကူညီပေးချင်တယ်။ မင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက်ပါ။ ငါတို့တွေ မင်းကို ဒီနေရာမှာ မြင်ချင်တယ် ငါ့ကောင်ရေ” လို့ ပြောကြားကာ အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။