မန်စီးတီး ချန်ပီယံလိဂ် ဖလား ခုထိ မယူနိုင်သေးတာ ရီးရဲလ်မက်ဒရစ်ကြောင့် လို့ ဆင်ခြေပေးသွားတဲ့ ဂွါဒီယိုလာ
မနေ့ညက ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ဂိုးမရှိ သရေကျ အပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက မန်ချက်စတာ စီးတီးတို့ ဘာလို့ ချန်ပီယံလိဂ် အောင်မြင်မှုရရှိဖို့ ခက်ခဲနေသလဲဆိုတာ ဟာသလုပ် တုန့်ပြန်ဖြေကြားမှု ပြုလုပ် သွားခဲ့ပါတယ်။
နည်းပြ ဂွါဒီယိုလာနဲ့ မန်စီးတီးတို့ အလိုချင်ဆုံး ဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ် ဖလားဟာ အခုထိ လွဲချော်နေဆဲ ဖြစ်ပြီး မန်စီးတီးဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ချဲလ်ဆီးကိုရှုံးနိမ့်ကာ ချန်ပီယံဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်က နောက်ကျသွင်းဂိုးတွေကြောင့် မန်စီးတီးတို့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားပြီး သူတို့ရဲ့ ချန်ပီယံလိဂ် လာဘ် က အခြားအသင်းတွေ မယှဉ်နိုင်ဘူးလို့ပါ ပြောစမှတ် တွင်စရာဖြစ်နေပါတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲစပြီဆိုတာနဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် နှစ်တိုင်း သတ်မှတ်ခံရလေ့ ရှိပေမယ့် တကယ့်လက်တွေ့မှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ ခက်ခဲနေဆဲပါ။
ဒီအပေါ်မှာ သတင်းထောက်ရဲ့မေးခွန်းကို ဂွါဒီယိုလာက “ကျနော်တို့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့ ခက်ခဲနေတဲ့ အကြောင်းရင်းက ဒီပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ အမြဲတမ်းရှိနေတာကြောင့်ပါ” လို့ ရယ်ရယ်မောမောနဲ့ ပြောဆို သွားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ဘာစီလိုနာကနေ ထွက်ခွာလာပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့လို နာမည်ကျော်အသင်းတွေကို ကိုင်တွယ်ခွင့်ရခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားနဲ့ ဝေးကွာနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိမန်စီးတီးကလည်း ချန်ပီယံလိဂ်ဖလားကို အသည်းအသန် လိုအပ်နေတဲ့အသင်းဖြစ်ပြီး ဂွါဒီယိုလာအနေနဲ့ ဒီမျှော်လင့်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေပါတယ်။
လက်ရှိ ရာသီ ချန်ပီယံလိဂ်မှာလည်း ရီးရဲလ်မက်ဒရစ်ရော၊ မန်စီးတီးရောက ချန်ပီယံလိဂ် အုပ်စုတွေကို အသီးသီး ဦးဆောင်ထားကြပါတယ်။