ဂိုးပြတ်နိုင်တဲ့ လီဗာပူး၊ ချန်ပီယံလိဂ်နဲ့ မတန်တဲ့ ဘာစီလိုနာ၊ ဒီည မပါနိုင်တဲ့ ဂျေးဆုနဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းများ

ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေအနက် ရိန်းဂျားနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာတော့ ရိန်းဂျားတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးလ်အသင်းက ဆာလာရဲ့ ဟတ်ထရစ် ဂိုး အပါအဝင် ဖာမီနို၊ နူညက်ဇ်၊ အီလီးယော့တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ ၇ဂိုး ၁ဂိုး နဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာနဲ့ အင်တာမီလန်တို့ကလည်း တစ်ဖက် ၃ ဂိုးစီနဲ့ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ဘိုင်ယန်မြူးနစ် ကတော့ ပေါ်လ်ဇန်ကို အဝေးကွင်းမှာ ၂-၄ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြ ဇာဗီကတော့ အိမ်ကွင်းမှာတောင် အနိုင်ရအောင် မစွမ်းဆောင်နိုင်တာကြောင့် ဘာစီလိုနာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက် မရှိသင့်တော့ဘူးလို့ ပြောဆိုသွားပြီး တကယ်လည်း ဘာစီလိုနာက ယူရိုပါလိဂ် ဆင်း ကစားရဖို့ များနေပြီ ဖြစ်ပါတယ်။

စပါးအသင်းက အိမ်ကွင်းမှာ ဖရန့်ဖတ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တာကြောင့် အနည်းငယ် အခြေအနေကောင်းနေပြီး မာဆေးလ် ကလည်း စပို့တင်းကို အဝေးကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

နာပိုလီအသင်းနည်းပြ စပယ်လက်တီကတော့ အေဂျက်ကို ၄-၂ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားခဲ့တာကြောင့် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီကလည်း ဘရုဂျ်ကို သရေသာ ကစားနိုင်ခဲ့ပေမယ့် ယခုပွဲဟာ ၎င်းတို့အတွက် အကောင်းဆုံး ပွဲစဉ်တစ်ခုဖြစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ ယနေ့ည ကစားမယ့် ဘိုဒိုအသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဂျေးဆု ပါဝင်လာနိုင်မှာ မဟုတ်ကြောင်း ထပ်မံအတည်ပြုသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပေကို ခေါ်ယူမယ့် သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

မန်ယူအသင်းနောက်ခံလူ လင်ဒီလော့ဖ်ကတော့ ၎င်းတို့အသင်းဟာ တဖြည်းဖြည်း တိုးတက်လာနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။