ယူရိုပါလိဂ် ပွဲကြို ရှင်းလင်းပွဲ၊ အနားပေးခံရတဲ့ ဂျေးဆု၊ အူဘာမီးယန်းစကား ကို အာတီတာ တုန့်ပြန်ခြင်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ
အာဆင်နယ် အသင်းဟာ ဒီနေ့ည မြန်မာ စံတော်ချိန် ၁၁:၁၅ မှာ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ၄ အဖြစ် နော်ဝေး ကလပ် ဘိုဒိုဂလင့် အသင်း ရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ အိမ်ကွင်း မှာတုန်းကတော့ အာဆင်နယ် အသင်းဟာ ဘိုဒိုဂလင့် ကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ဘိုဒိုဂလင့် နဲ့ ပွဲကြို ပြင်ဆင်မှုမှာ အာဆင်နယ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဆု နဲ့ ဒဏ်ရာရနေတဲ့ ဇင်ချန်ကို တို့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ သတင်းတွေ အရတော့ အာဆင်နယ် အသင်းဟာ ပွဲဆက် ကစားရတာ များနေတဲ့ ဂျေးဆု ကို အနား ပေးတဲ့ အနေနဲ့ နော်ဝေ ကို ခေါ်ဆောင်ခဲ့ခြင်း မရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

မာတင်နယ်လီက အာဆင်နယ်နဲ့ သက်တမ်းတိုး စာချုပ်သစ် အတွက် ဆွေးနွေးမှုမှာ လုပ်ခ လစာ တစ်ပတ် ၂ သိန်း လို့ တောင်းဆိုခဲ့ပြီး အာဆင်နယ် တာဝန်ရှိသူတွေက အံ့အားသင့်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။
အင်္ဂလန်နဲ့ လီဗာပူး ကစားသမားဟောင်း ဟက်စကီးက ဒီရာသီ ကုန်ရင် မန်စီးတီးက ချန်ပီယံ၊ အာဆင်နယ် အဆင့် ၂၊ ချယ်ဆီး အဆင့် ၃နဲ့ လီဗာပူး အဆင့် ၄ တို့ ရမယ်လို့ သုံးသပ် ခန့်မှန်းလိုက်ပါတယ်။
အာဆင်နယ် တိုက်စစ် ကစားသမား ၂ ဦး ဖြစ်တဲ့ ဘူကာယိုဆာကာ နဲ့ ဂါဘရီရယ်မာတင်နယ်လီ တို့ဟာ ကမ္ဘာ့ ဘောလုံးလောကရဲ့ ခံစစ်တိုင်းကို ပြသနာတွေ ပေးနိုင်မယ့် သူတွေ ဖြစ်တယ်လို့ လီဗာပူး ကွင်းလယ်ဟောင်း ဒန်နီမာဖီက ချီးကျူး လိုက်ပါတယ်။
YouTuber တဦး ဖြစ်တဲ့ A Jewellers နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အူဘားမီးယန်း က သူ့နဲ့ အဆင်မပြေခဲ့တဲ့ အာတီဟာ ဟာ နာမည်ကြီး စတားတွေကို ကိုင်တွယ်နိုင်စွမ်း မရှိဘူးလို့ တုန့်ပြန် တိုက်ခိုက်သွားခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဒီနေ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အူဘာမီးယန်း ရဲ့ပြောစကား နဲ့ ပတ်သက်ပြီး ” လူတိုင်းမှာ လွတ်လပ်စွာ ဆွေးနွေး ပြောဆို ပိုင်ခွင့် ရှိပါတယ် ။ အခု အချိန် အဝတ်လဲခန်း အတွင်း အခြေအနေက ကျွန်တော် ကြုံဖူးသမျှ ထဲမှာ အကောင်းဆုံးပါပဲ ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။
အူဘားမီးယန်း က အနာဂတ်မှာ အာဆင်နယ်ရဲ့ နာမည်ကြီး စတား ဘယ်သူ ဖြစ်လာမလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီးလည်း ” အရှင်းဆုံးကတော့ ဆာကာပါပဲ။ ကျွန်တော့ အမြင်မှာတော့ မာတင်နယ်လီလည်း နာမည်ကြီးလာပါလိမ့်မယ် ။ ဒီတော့ ဆာကာနဲ့ မာတင်နယ်လီပေါ့။ ” လို့ ပြောကြားခဲ့ပါတယ်။