တီမိုဗာနာ က ချဲလ်ဆီးမှာ မဟန်ဘဲ ဘာလို့ လိုက်ပ်ဇစ်မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းနေလဲ အွန်နရီ သုံးသပ်
အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက တီမိုဗာနာ တယောက် ချဲလ်ဆီးမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ အသင်းဟောင်း လိုက်ပ်ဇစ် ပြန်ရောက်မှာ ဂိုးသွင်းခြေမြူးကာ ပုံစံကောင်းတွေ ပြသနေတဲ့ အကြောင်းကို သုံးသပ် ဆွေးနွေးခဲ့ပါတယ်။
အွန်နရီက ” ကျွန်တော်ကတော့ ဒါကို တိုက်ဆိုင်တာလို့ သုံးချင်ပါတယ် ။ ခင်ဗျားက ပခုံးဖက်ပေါင်းပေမယ့် ၊ ခင်ဗျားကို ပြန်အဖတ်မလုပ်တဲ့ အသင်းဖော်တွေ ရှိတတ်ပါတယ် ။ သူတို့ဟာ ခင်ဗျားဆီ ရောက်လာမယ် ၊ ခင်ဗျားကို ရစရာ မရှိအောင် လုပ်သွားမယ် ၊ ပြီးတော့ ထွက်ချင်သလို ထွက်သွားကြပါမယ် ။ ”
” တဖက်မှာ ခင်ဗျားဟာ ကစားသမားအချို့ဆီက ချစ်ခြင်းမေတ္တာတွေ ခံစားရပါမယ် ။ သူတို့ဟာ တယောက် အကြောင်း တယောက် သိနားလည်ဖို့ မိနစ် ၉၀ အပြည့် ကစားဖို့ လိုကောင်းလိုပါလိမ့်မယ် ။ ဒုတိယဂိုးဆိုရင် ဒီအတွက် အကောင်းဆုံး သာဓက ဖြစ်ပါတယ် ။ ”

” ပထမဆုံး အနေနဲ့ ဘောလုံး လက်ခံပြီးပြီးချင်း ထိန်းချုပ်တာပါ ။ ချဲလ်ဆီးမှာတုန်းက တီမို ဗာနာဟာ ဒီလို ဘောလုံးမျိုး ဘယ်လိုမှ ထိန်းနိုင်ခဲ့မှာ မဟုတ်ပါဘူး ။ ဒီအတွက်ကြောင့် ဖော့စ်ဘာ့ဂ်ဆီကို အဲဒီ ဘောလုံး ပေးနိုင်စရာ အကြောင်းလည်း လုံးဝ ရှိခဲ့မှာ မဟုတ်ပါဘူး ။ ”
” အဲဒီအစား သူဟာ စိတ်လောလောနဲ့ တခြား တခုခု ပြောင်းလုပ်ချင် လုပ်မိသွားမယ် ၊ အတွေးလွန်းသွားနိုင်ပါမယ် ။ ဒါကို ကျွန်တော် အရင်တုန်းက သူ့ဆီကနေ မြင်ခဲ့ဖူးပါတယ် ။ ချဲလ်ဆီးကို မရောက်ခင်တုန်းက သူ တည်တည်ငြိမ်ငြိမ် ရှိခဲ့ပြီး ၊ အခုအခါမှာ အဲဒီ တည်ငြိမ်မှုကို သူ ပြန်ရလာပါပြီ ။ ”
” အဲဒီ ဘောလုံး ရရချင်း သူ တန်းကန်တာလည်း ဖြစ်ကောင်းဖြစ်ခဲ့မိမှာပါ ။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးမှာတုန်းက သူ အဲဒီ ဘောမျိုး တန်းပြီး အဆုံးမသတ်ရဲခဲ့လို့ပါ ။ ဒီလိုဂိုးမျိုးက ခင်ဗျားကို ယုံကြည်မှု ပြန်ပေးပါတယ် ။ အဲဒီနောက် သူဟာ အချိန်မှန် နေရာမှန် ဂိုးဖန်တီးနိုင်ခဲ့ပါတယ် ။ ”
” တခါတလေမှာ ခင်ဗျား ပြောင်းသွားတဲ့ နေရာကနေ ချစ်ခင်မှု မခံစားရတာ ရှိတတ်ပါတယ် ။ သူ လုံးဝ ချစ်ခင်မှု မရခဲ့တာလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ လိုက်ပ်ဇစ်မှာလောက် သူ ချဲလ်ဆီးမှာ ချစ်ခင်မှု လုံလုံလောက်လောက် မရခဲ့တာ ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် ခင်ဗျားဟာ အကောင်းဆုံး စွမ်းဆောင်ရည် မရဘူး ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်ဘူး ဆိုပြီး ဖြစ်သွားပါတယ် ။ ” လို့ CBS Sport အစီအစဉ်မှာ သုံးသပ် ပြောကြားခဲ့ပါတယ်။
ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း ချဲလ်ဆီး ကနေ အသင်းဟောင်း လိုက်ပ်ဇစ် အသင်းသို့ ပေါင်သန်း ၂၀ဝန်းကျင်နဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဗာနာဟာ ချဲလ်ဆီးမှာ ကစားတာ ၂နှစ်သာ ကြာခဲ့ပြီး ၊ ခြေစွမ်းက ပေါင်သန်း ၅၀နဲ့ လုံးဝနီးစပ်ခဲ့ခြင်း မရှိပါဘူး ။
ချဲလ်ဆီးမှာတုန်းက ဗာနာဟာ ပြိုင်ပွဲစုံ ပွဲပေါင်း ၈၉ပွဲမှာ ၂၂ဂိုးသာ ရခဲ့ပေမယ့် အခု လိုက်ပ်ဇစ် အသင်းမှာ ၁၃ပွဲကစား ၇ဂိုး သွင်းယူထားကာ ယခင် ဂိုးသွင်း ပုံစံကောင်း ပြန်ရနေပါတယ် ။ ဒီအပတ်ထဲ ကစားခဲ့တဲ့ ဆဲလ်တစ်နဲ့ချန်ပီယံလိဂ် အုပ်စုပွဲမှာ ဗာနာ တယောက် တဂိုးသွင်း ၊ တဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။