ဟီးရိုး ဖြစ်ခဲ့သူ၊ တိုးတက်လာတဲ့ ရက်ဖို့ဒ်၊ အုပ်စုဗိုလ် ဖြစ်ဦးမလားနဲ့ မန်ယူ ၁-၀ အိုမိုနီယား ပွဲစဉ်မှ ပြောစရာ အချက်များ
မန်ချက်စတာယူနိက်တက် ဟာ မနေ့ညက ယူရိုပါလိဂ် အုပ်စုပွဲစဉ် အဖြစ် အသင်းငယ်လေး အိုမိုနီးယားအသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ရာ ၁-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။
မန်ယူအသင်း တစ်ပွဲလုံး အသာစီးရယူနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှုကလည်း အကြိမ် ၃၀ ကျော်အထိ ရှိခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား အူဇိုဟို ရဲ့ လက်စွမ်းပြကာကွယ်နေမှုကြောင့် ဂိုးရရှိဖို့ ခက်ခဲခဲ့ပြီး ပွဲချိန် ၉၀+၂ မိနစ် မှာ သွင်းယူခဲ့တဲ့ တော်မီနေးရဲ့ သွင်းဂိုးကြောင့်သာ အနိုင်၃မှတ်ရရှိပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ သေချာသွားခဲ့တာပါ။
ဒီပွဲမှာ စီရိုနယ်ဒို၊ ရက်ရ်ှဖို့ဒ်၊ ဖာနန်ဒက်စ်၊ အဲရစ်ဆင်တို့အားလုံး ဂိုးပေါက် ကန်သွင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ဂိုး မရရှိတာက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဒီပွဲထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဖြတ်တင်ဘောတွေမှာ ပြသနာရှိနေဆဲဖြစ်တဲ့ မန်ယူ
မန်ယူ အသင်း အနေနဲ့ ဒီပွဲမှာ ပြိုင်ဘက်က အသင်းငယ်လေးဖြစ်တာကြောင့် တစ်ပွဲလုံးအသာစီးရယူနိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေကိုတော့ သေချာ ဖန်တီးနိုင်မှုအားနည်းခဲ့ပြီး တောင်ပံက ဖြတ်တင် ပေးပို့မှုတွေကလည်း တော်တော်လေးကို အားနည်းနေတာကို တွေ့မြင်ရမှာပါ။
ဒီပွဲမှာ ယူနိက်တက်အသင်းအနေနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဒီလို အသင်းကို ဒီရလဒ် ရဖို့ ခက်ခက်ခဲခဲ ကစားရတာကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအားနည်းမှုကို သက်သေပြလိုက်တာဖြစ်ပြီး ပြိုင်ဘက်ဂိုးသမား အရမ်းကောင်းလွန်းနေပေမယ့်လည်း မန်ယူအသင်းအနေနဲ့ ဒီထက်ပိုကောင်းတဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်သင့်တာဖြစ်ပါတယ်။
ပွဲရဲ့ ဟီးရိုး ဖြစ်ခဲ့တဲ့ အူဇိုဟို

ဒီပွဲမှာ အိုမိုနီယားအသင်းရဲ့ နိုင်ဂျီးရီးယား ဂိုးသမားလေး အူဇိုဟိုအနေနဲ့ ဂိုးပေါက်ကာကွယ်မှု ၁၂ ကြိမ်နဲ့အတူ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားအနေနဲ့ ဒီပွဲမှာ ယူနိုက်တက်အသင်း ဂိုးရစေနိုင်လောက်တဲ့ နှစ်ဆင့် ကန်သွင်းမှုတွေကိုပါ ပိတ်ပင်ကာကွယ်ခဲ့ကာ တော်တော်လေးကို ကောင်းမွန်လွန်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ကစားသမားဘဝကို စပိန်မြေမှာ စတင်ခဲ့ပြီး အဲကနေ တစ်ဆင့် ဆိုက်ပရပ်စ်ကို ရောက်ရှိခဲ့တဲ့ ဂိုးသမားအတွက်တော့ ဒီနေ့ပွဲက စွမ်းဆောင်ရည်က သူ့ကို အားလုံးသတိထားမိစေခဲ့တာဖြစ်ပြီး အူဇိုဟိုတစ်ယောက် အိုးထရက်ဖို့ဒ်မှာ ကစားခွင့်က သူ့ရဲ့ အိမ်မက်ဖြစ်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ကာ အိမ်မက်တွေဖြစ်လာခွင့်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့လည်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ပို ကောင်းလာတဲ့ ရက်ရ်ှဖို့
မန်ချက်စတာ ယူနိက်တက်အသင်းရဲ့ လက်ရှိ တိုက်စစ်ပိုင်းမှာ အတည်ငြိမ်ဆုံး စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက် ပြသနေတဲ့သူကို ပြရမယ်ဆိုရင်တော့ ရက်ရ်ှဖို့ ကိုသာ လက်ညိုးထိုးရမှာဖြစ်ပြီး လက်ရှိမှာ မန်ယူအသင်းအတွက် သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ခဲ့ကာ ဒါဟာ သူ့ရဲ့ ပြီးခဲ့တဲ့ တစ်ရာသီလုံး သွင်းဂိုးနဲ့ ညီမျှနေခဲ့တာဖြစ်ပါတယ်။ နည်းပြ တန်းဟက်ဂ်လက်အောက်မှာ အကောင်းဆုံးပုံစံပြသနေတဲ့ ရက်ရ်ှဖို့တစ်ယောက် ဒီနေ့ပွဲမှာလည်း အိုမိုနီယားအသင်းကို တော်တော်လေး ပြသနာဖြစ်စေခဲ့ပြီး ကံတရားရဲ့ မျက်နှာသာ မပေးမှု ပြိုင်ဘက်ဂိုးသမား ကောင်းမွန်နေမှုကြောင့်သာ ရက်ရ်ှဖို့ တစ်ယောက် ဒီနေ့ပွဲမှာ ဂိုးမရခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်နောက်ခံ နေရာအတွက် ပြိုင်ဆိုင်မှု
နည်းပြ တန်းဟက်ဂ်အနေနဲ့ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ လုခ်ရှောကို ဘယ်နောက်ခံလူ အဖြစ် တစ်ပွဲလုံး ပွဲထွက်ကစားစေခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ မာလာစီယာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး မိနစ် ၆၀ရောက်မှ လုခ်ရှောကို မာလာစီယာနဲ့ လူစားလဲလှယ်ခဲ့ကာ ပထမဦးစားပေးနေရာအတွက် ဘယ်သူ့ကို ရွေးချယ်ရမလဲ စဉ်းစားနေဆဲဖြစ်တယ်ဆိုတာ တွေ့မြင်ခဲ့ရတာပါ။ ဒါပေမယ့် အရေးပါတဲ့ ပွဲတွေမှာဆိုရင် လုခ်ရှောကိုပဲ တန်းဟက်ဂ်တစ်ယောက် ပိုမိုဦးစားပေးဖို့ များနေခဲ့တာဖြစ်ပါတယ်။
မန်ယူ ယူရိုပါလိဂ် အုပ်စုဗိုလ်ဖြစ်နိုင်ဦးမလား
လက်ရှိမှာ ယူနိက်တက်တို့ အုပ်စုမှာ ဆိုစီဒက်အသင်းက ၄ ပွဲ ကစား ၄ ပွဲနိုင်ရလဒ်နဲ့ အုပ်စုဗိုလ်ဖြစ်နေခဲ့ပြီး ယူနိက်တက်ကတော့ အိမ်ကွင်းမှာ ဆိုစီဒက်ကို ရှုံးနိမ့်ထားခဲ့တာကြောင့် အုပ်စု ဒုတိယနေရာနဲ့ပဲ ရပ်တည်နေခဲ့ကာ ယူနိက်တက်အနေနဲ့ အုပ်စု ဗိုလ်အဖြစ်နဲ့ ရှုံးထွက်ကို တက်ရောက်ချင်ရင်တော့ စပိန်မြေမှာ ပြတ်သားနဲ့ အနိုင်ရလဒ်နဲ့ ဆိုစီဒက်အသင်းကို အနိုင်ယူဖို့ လိုအပ်နေခဲ့ပြီလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ ယူနိက်တက်အနေနဲ့ တော်တော်လေး ကြိုးစားသွားရမှာဖြစ်ပြီး ယူရိုပါလိဂ်မှာသာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို ရရှိမှာဖြစ်တာကြောင့် တန်းဟက်ဂ်တစ်ယောက် ယူရိုပါလိဂ် ပွဲစဉ်တွေကို အားစိုက်ပြီး ဖလားရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သုံးသပ်မှုတွေလည်း ရှိလာခဲ့တာပါ။