လက်ရှိ ဇယားထိပ်က အာဆင်နယ်က အဆင့် ၄ ဝင်ဖို့ သေချာပြီတောင် ပြောမရဘူး လို့ နဗီး သုံးသပ် ထောက်ပြ
အာဆင်နယ် အသင်းဟာ ပွဲစဉ် (၁၀) အပြီး ၉ ပွဲ ကစားထားရာမှာ ၈ ပွဲ နိုင် ၁ ပွဲ ရှုံးနဲ့ ရမှတ် ၂၄ မှတ်နဲ့ အဆင့် (၁) နေရာမှာ ရပ်တည် နေပါတယ်။ မနှစ်က ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ကပ်လွဲခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ ဒီနှစ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိရေး အာရုံစိုက် လုပ်ဆောင်နေပြီး ပရိသတ်တွေ မျှော်လင့်တာထက်ကို ပိုလုပ်ပြထားတာပါ။
ဂယ်ရီနဗီးလ် ကတော့ အာဆင်နယ် အသင်း လက်ရှိမှာ ထိပ်ဆုံးရောက်နေပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ရရေး အများကြီး လုပ်ဆောင် ရဦးမယ်လို့ သတိပေး သွားခဲ့ပါတယ်။
” လီဗာပူး အသင်း ထိပ်ဆုံးလေးသင်းထဲ ဝင်မယ်လို့ ကျွန်တော် မထင်ပါဘူး၊ ဒါ့အပြင် အာဆင်နယ် အသင်းလည်းပဲ ထိပ်ဆုံး လေးသင်း ပြင်ပ ရောက်သွား နိုင်ပါသေးတယ်၊ ဒါပေမယ့် အာဆင်နယ် ပရိသတ်တွေ ပျော်သွားအောင် အခု လက်ရှိအချိန်မှာ ထိပ်ဆုံး လေးသင်း ဝင်နိုင်တဲ့အသင်းစာရင်းထဲ သူတို့ကို ထည့်ထား ပေးလိုက်ပါ့မယ်။ ”
” တော့တင်ဟမ် ၊ ချဲလ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး အသင်းတို့ကို ကြည့်လိုက်တော့ အာဆင်နယ် အသင်း အတွက် ထိပ်ဆုံးလေးသင်း ဝင်ဖို့က တော်တော်လေး ခက်ခဲကြီးမားတဲ့ အလုပ်လို့ တွေးထင်မိပါတယ် ။ ”

ဒါ့အပြင် နဗီးလ် က ပြီးခဲ့တဲ့ရာသီမှာ အာတေတာ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး စိုးရိမ် ခဲ့မိကြောင်းလည်း ပြောကြား သွားခဲ့ပါတယ် ။
” ဘောလုံး အသင်း တစ်သင်း အနေနဲ့ အာဆင်နယ် အပေါ် ကျွန်တော် လေးစားမှု ထားပါတယ် ။အာဆင်နယ် က အင်္ဂလန် မှာ အစဉ်အလာကြီးမားတဲ့ ထိပ်တန်း အသင်းကြီး တစ်သင်းပါ ။ ”
” ပြီးခဲ့တဲ့ ရာသီက သူတို့ အတော်လေး ရုန်းကန် ခဲ့ရပါတယ် ၊ ကျွန်တော် နဲ့ ကာရေဂါ နှစ်ဦး စလုံး အာတေတာ ရဲ့အဆုံးသတ် ဖြစ်တော့မယ်လို့ တွေးထင် ခဲ့ကြပါတယ် ။ ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။