ဆန်ချိုအတွက် စိုးရိမ်နေတဲ့ နဗီးလ်၊ ကွင်းလယ် ခံစစ်ပစ်မှတ် ဂူယီနဲ့ ယနေ့ မန်ယူ သတင်းတိုများ
မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သူ့အနေနဲ့ တိုက်စစ် ကစားသမား ဆန်ချိုကို ကွင်းလယ်လူ ဗန်ဒီဘိခ် လို ဖြစ်သွားမှာ စိုးရိမ်မိကြောင်း၊ နည်းပြ ဆိုးလ်ရှားအနေနဲ့ ဆန်ချိုကို အခွင့်အရေး မပေးကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ယူ နည်းပြ ဆိုးရှားက စပါးကို ဂိုးပြတ်နိုင်ပွဲမှာ သူ့အတွက် ပွဲစဉ် အကောင်းဆုံး ကစားသမား တော်မီနေး ဖြစ်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။ ထိုပွဲ အကောင်းဆုံး ကစားသမား ဆုကို ဂိုးသွင်းရှင် ဖြစ်တဲ့ ရော်နယ်ဒို ရခဲ့တာပါ။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒို (၃၆ နှစ်၊ ၂၆၇ ရက်)ဟာ ၂၀၁၄ ခုနှစ်အတွင်းက ဒရော့ဂ်ဘာ ပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်တဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေမှာ ပီအက်စ်ဂျီ ကွင်းလယ်ခံစစ်သမား ဂူယီကို အမှန်တကယ် ခေါ်ယူလိုခဲ့တာ ဖြစ်ပေမယ့် မာတစ်၊ ပေါ့ဘာနဲ့ လင်ဂတ်တို့အတွက် သေချာတဲ့ ကမ်းလှမ်းမှု တစ်ခုမှ မရတာကြောင့် ဂူယီကို မခေါ်နိုင်ခဲ့တာလို့ သိရပါတယ်။
မန်ယူဂန္ထဝင်ကစားသမားကြီး ရွိုင်ကိန်းကတော့ မန်ယူရဲ့ နောက်တန်းကို ဝေဖန်ခဲ့ပြီး ဘစ်ဆာကာဟာ မန်ယူ အသင်းမှာ ကစားဖို့ ထိုက်တန်ခြင်း မရှိကြောင်း၊ လက်ရှိအချိန်မှာ ပဲလေ့စ်တောင်မှ ဘစ်ဆာကာကို ပြန်ခေါ်တော့မှာ မဟုတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကတော့ စပါးနဲ့ပွဲမတိုင်ခင် တိုက်စစ်မှူး ကာဗာနီရဲ့လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်က တော်တော်လေး ကောင်းမွန်ခဲ့ကြောင်း၊ ဒါက မန်ယူနည်းပြဘဝမှာ သူတွေ့မြင်ခဲ့ရတဲ့ အကောင်းဆုံး စွမ်းရည်ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
မန်ယူနဲ့ ပွဲ ရှုံးနိမ့်ပြီးနောက် စပါးနည်းပြ ဆန်တိုစ်နဲ့ အနာဂတ် ကိစ္စကို စပါးအသင်းက စဉ်းစားလာပြီး ကွန်တီကို နည်းပြသစ် အဖြစ် ခေါ်ယူဖို့ ကြံရွယ်လာကြောင်း သိရပါတယ်။ ကွန်တီကို မန်ယူနိုက်တက် ကလည်း နည်းပြ အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်ထားတာပါ။