ယူရို သန်း ၆ဝ တန် တိုက်စစ်သမားကို ကမ္ဘာ့ဖလား မတိုင်ခင် အပြီးသတ်ခေါ်ဖို့ အမြန်လှုပ်ရှားနေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ လိုက်ပ်ဇစ် တိုက်စစ်သမား ခရစ္စတိုဖာ အန်ကွန်ကူ ကို ခေါ်ယူမှု အပြီးသတ်နိုင်ဖို့ ကြိုးစားနေကြာင်း ဂျာမနီဘက်က သတင်းတွေက ဖော်ပြလာပါတယ်။

အန်ကွန်ကူ ပြောင်းရွှေ့ကြေးက ယူရို သန်း ၆ဝ (ပေါင် ၅၁.၉ သန်း) ဖြစ်မယ်လို့ အဆိုပါ သတင်းတွေက ဆိုပါတယ်။ အသက် ၂၄နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေဈေးကွက် ပိတ်ခါနီးရက်တွေမှာ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ ဖရန့်ဖတ်မှာ ဆေးစစ်မှု ခံယူခဲ့သေးတယ်လို့ သိရပြီး ကနဦး သဘောတူညီချက်လည်း ချယ်ဆီးတို့ ရခဲ့ပြီ လို့ သတင်း ထွက်ထားပါတယ်။

ချယ်ဆီးဟာ လက်ရှိမှာ အန်ကွန်ကူကို လိုက်ပ်ဇစ်ထံကနေ ခေါ်ယူရေး အပြီးသတ် လုပ်ဆောင်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်မယ့် နိုဝင်ဘာ ၂ဝ ရက်နေ့ မတိုင်ခင် ၅နှစ် သက်တမ်းရှိ စာချုပ် သဘောတူညီမှု ရဖို့ ဆောင်ရွက်နေကြောင်း ဂျာမန် Bild သတင်းဌာနက ဖော်ပြလာပါတယ်။

အန်ကွန်ကူဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အတူ ပါဝင် အစွမ်းပြခွင့်ရဖို့ အားခဲ ကြိုးစားနေပြီး ၎င်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲက နေးရှင်းလိဂ် ပွဲစဉ်တွေမှာ အရန် အဖြစ်သာ ပါဝင်ခွင့် ရခဲ့တာပါ။

၎င်းဟာ လိုက်ပ်ဇစ်မှာတော့ ဒီရာသီ ထူးချွန်စွာ စွမ်းဆောင်နေပြီး ဘွန်ဒစ်လီဂါ ပွဲ ၉ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုး သွင်းယူထားပြီး ချန်ပီယံလိဂ် သွင်းဂိုး တစ်ဂိုးလည်း ရရှိထားပါတယ်။

ချယ်ဆီးဟာ အန်ကွန်ကူရဲ့ လိုက်ပ်ဇစ် အသင်းဖော် Josko Gvardiol ကိုလည်း စိတ်ဝင်စားနေကြောင်း Bild သတင်းဌာနက ဆိုပါသေးတယ်။ ၎င်းအတွက် ကြိုးပမ်းမှုကိုတော့ ဒီရာသီကုန်မှသာ ချယ်ဆီးက လှုပ်ရှားမှာ ဖြစ်ပါတယ်။